ညဘက်တွေမှာ သေချာအိပ်မပျော်ရင် အစစအရာရာ အဆင်မပြေဖြစ်တတ်ပါတယ်။ ကြာလာရင် ကျန်းမာရေးလည်း ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်ချင်တဲ့သူတိုင်းအတွက် ပုံမှန်လုပ်ပေးသင့်တဲ့ အလေ့အကျင့်တွေကို ပြောပြပေးလိုက်ပါတယ်။

အိပ်ခါနီး ၂ နာရီအလိုမှာ ဖုန်းမသုံးပါနဲ့

အိပ်ခါနီးမှာ ဖုန်းကြည့်တာ၊ ကွန်ပြူတာကြည့်တာ၊ တီဗီကြည့်တာတွေက မျက်စိကြောင်ပြီး အိပ်မပျော်ပါဘူး။ ဒါကြောင့် အိပ်ခါနီး ၂ နာရီအလိုလောက်ကစပြီး Screen Time ကို အနားပေးလိုက်ပါတော့။ အဲ့ဒီအစား မျက်စိညောင်းပြီး အိပ်ချင်လာအောင် စာအုပ်ဖတ်လို့ရပါတယ်။

အိပ်ခါနီးမှာ တရားထိုင်ပါ

အိပ်ခါနီးမှာ ဘုရားရှိခိုးပြီး တရားထိုင်တဲ့အကျင့်က အရမ်းကောင်းပါတယ်။ စိတ်တည်ငြိမ်စေပြီး ကောင်းမွန်စွာ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ အနည်းဆုံး ၁၅ မိနစ်လောက်တော့ ရအောင်ထိုင်ပါ။ နောက်ပိုင်းအကျင့်ဖြစ်ရင် အချိန်ကြာကြာ ထိုင်နိုင်လာပါလိမ့်မယ်။

အိပ်ခါနီးရေလျှော့သောက်ပါ

အိပ်ခါနီးမှာ ရေသောက်တာများရင် ခဏဏအပေါ့သွားနေရတာနဲ့ပဲ ကောင်းကောင်းအိပ်ရမှာ မဟုတ်ပါဘူး။ အိပ်ပျော်လည်း အပေါ့သွားချင်လာတော့ ထရတာနဲ့ အဆင်မပြေပါဘူး။ ဒါကြောင့် အိပ်ခါနီးမှာ ရေကိုလျှော့သောက်ပါ။

အိပ်ချိန်သတ်မှတ်ပါ

အိပ်ချင်တဲ့အချိန်မှအိပ်ပြီး ထချင်တဲ့အချိန်မှ ထတာမျိုးတွေ မလုပ်ပါနဲ့။ အိပ်မယ့်အချိန်ကို စောစောသတ်မှတ်ထားပါ။ အကောင်းဆုံးကတော့ ၉:၃၀၊ ၁၀:၀၀ က အကောင်းဆုံးပါ။ ပုံမှန်အိပ်ချိန်သတ်မှတ်ပြီး အဲ့အချိန်ရောက်တာနဲ့ အိပ်ယာထဲဝင်ပြီး မျက်စိမှိတ်နေပါ။ နောက်ပိုင်း အကျင့်ဖြစ်ပြီး အိပ်ပျော်သွားပါလိမ့်မယ်၊ အဲ့အချိန်ရောက်တာနဲ့ အိပ်ချင်လာပါလိမ့်မယ်။

အိပ်ယာကိုသန့်ရှင်းအောင်ထားပါ

အိပ်ယာကို မအိပ်ခင်မှာ သေချာခါပြီး သန့်ရှင်းပါ။ အိပ်ယာခင်းကို တစ်ပတ်တစ်ခါ (သို့) နှစ်ပတ်တစ်ခါ လဲပေးပါ။ ခေါင်းအုံးစွပ်တွေကိုတော့ ၃ ရက်တစ်ခါ လဲပေးပါ။ ကိုယ်အိပ်တဲ့အိပ်ယာက သန့်ရှင်းမှုမရှိရင် ယားတာမျိုး၊ စိတ်မသန့်တာမျိုးဖြစ်ပြီး ကောင်းကောင်းအိပ်မပျော်ပါဘူး။