စိတ်ဖိစီးမှုနဲ့ ဆံပင်ကျွတ်ခြင်းပြဿနာက ဆက်စပ်မှုရှိပါတယ်။ ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်ခြင်းက အဖြစ်များဆုံး ပြဿနာတစ်ခုပါ။
သတင်းကောင်းကတော့ စိတ်ဖိစီးမှုကို လျော့ချနိုင်ရင် ဆံပင်တွေ ပြန်ပေါက်လာနိုင်တယ်ဆိုတာပါပဲ။ အကယ်၍ သင်ဟာ စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေနဲ့ ဆံပင်ကျွတ်ခြင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းလို့ရပါတယ်။
(၁) မျှတစွာ စားပါ
အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင်စားသုံးခြင်းက စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး ဆံပင်ကျွတ်ခြင်းကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ကြက်ဥ ၊ ငှက်ပျော်သီး ၊ နွားနို့ ကဲ့သို့ biotin နဲ့ protein ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ များများစားပေးပါ။
ဒီအစားအစာတွေက ဆံပင် နဲ့ ခြေသည်းလက်သည်း သန်မာလာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဗီတာမင် C ၊ ဗီတာမင် E နဲ့ omega-3 fatty acids ကဲ့သို့ antioxidants များပါဝင်တဲ့ အစားအစာတွေလည်း ပြည့်စုံမျှတအောင် စားပေးဖို့လိုပါတယ်။
(၂) အိပ်ရေးဝဝအိပ်ပါ
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေဟာ အိပ်စက်ခြင်းကို များစွာထိခိုက်စေနိုင်ပါတယ်။ အိပ်စက်ခြင်းဆိုင်ရာ ချို့ယွင်းမှုတွေက ခန္ဓာကိုယ်တွင်း ဟော်မုန်းဓာတ် ဟန်ချက်ညီမှုကို ပြောင်းလဲစေပြီး ဆံပင်ကျွတ်ခြင်းနဲ့ ဝက်ခြံပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ အနည်းဆုံး ၇ နာရီကနေ ၉ နာရီခန့် လုံလောက်စွာအိပ်စက်ဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်ခြင်းက စိတ်ဖိစီးမှုလျော့နည်းစေပြီး ဆံပင်နဲ့ အသားအရေ ကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
(၃) လေ့ကျင့်ခန်းလုပ်ဆောင်ပါ
စိတ်ဖိစီးမှုလျော့ချနိုင်ဖို့အတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခုက ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်လုပ်တာပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေနိုင်ပြီး စိတ်ဖိစီးမှုများစေတဲ့ အခြေအနေတွေနဲ့ ပြဿနာတွေကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းစေနိုင်မှာဖြစ်ပါတယ်။
စိတ်ဖိစီးမှုလျော့နည်းလာတာနဲ့အမျှ ဆံပင်ပျက်စီးဆုံးရှုံးမှုပြဿနာတွေလည်း နည်းလာမှာဖြစ်ပါတယ်။ ယောဂ ကစားခြင်း ၊ တရားထိုင်ခြင်းနည်းလမ်းတွေကလည်း စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး စိတ်ဖိစီးမှုတွေကို အထိရောက်ဆုံးလျော့ချပေးနိုင်ပါတယ်။
(၄) အပူနဲ့ ဓာတုပစ္စည်းများကို ရှောင်ပါ
ပုံမှန်ထက် ဆံပင်တွေ ကျွတ်နေချိန်မှာ ဓာတုပစ္စည်းပါဝင်တဲ့ ဆံပင်ထုတ်ကုန်တွေအသုံးပြုခြင်း ၊ ဆံပင်ကာလာပြောင်းခြင်း ၊ လေမှုတ်စက်ဖြင့် အခြောက်ခံခြင်း ၊ ရေပူဖြင့်ခေါင်းလျော်ခြင်းစတာတွေကို တက်နိုင်သလောက် ရှောင်ကြဉ်ဖို့လိုပါတယ်။
အပူနဲ့ ဓာတုပစ္စည်းပါဝင်တဲ့ ထုတ်ကုန်တွေ ဦးရေပြားကို တိုက်ရိုက်ထိတွေ့ခြင်းဟာ ဦးရေပြားပေါ်က သဘာဝ အဆီတွေ ခမ်းခြောက်စေပြီး ဆံသားကို ပျက်စီးစေကာ ဆံပင်ကျွတ်တာတွေ ပိုဖြစ်စေနိုင်လို့ပါပဲ။