ခြေဖဝါးအနံ့နံတာ၊ ခြေဆီနံ့နံတာက အရမ်းဆိုးပါတယ်။ အနံ့လည်းပြင်းတာကြောင့် တခြားသူတွေကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ခြေဖဝါးအနံ့နံတာကို သက်သာပျောက်ကင်းအောင် လုပ်ပေးမယ့် အိမ်တွင်းဖြစ်နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဆားခါးစိမ်ခြင်း

ရေနွေးကို ဇလုံအကြီးထဲထည့်ပြီး ဆားခါး ၁ ခွက်ထည့်ပါ။ ကိုယ်ခံနိုင်တဲ့ အပူအနေအထားရောက်ရင် ခြေထောက်ထည့်စိမ်ထားပါ။ မိနစ် ၂၀ လောက်စိမ်ပေးရင်ရပါပြီ။

တစ်ပတ်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ခြေဖဝါးအနံ့နံတာတွေ ပျောက်သွားပါလိမ့်မယ်။ သတိထားရမှာက လုပ်ပြီးရင် ခြေအိတ်စွပ်နေတာမျိုးကို ရှောင်ရပါမယ်။

ရှာလကာရည်နဲ့စိမ်ခြင်း

ရှာလကာရည်အဖြူ (သို့) ပန်းသီးရှာလကာရည်ကို ရေနွေးနဲ့ တစ်အချိုးနှစ် ရောမွှေပြီး ခြေထောက်ကို မိနစ် ၂၀ စိမ်ပေးရမှာပါ။

ဒီနည်းလမ်းကတော့ ခြေဖဝါးအနံ့နံတာကို သက်သာပျောက်ကင်းစေပြီး ခြေဖနောင့်ကွဲတာတွေပါ သက်သာစေပါတယ်။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရုံပါပဲ။

မုန့်ဖုတ်ဆိုဒါနဲ့စိမ်ခြင်း

မုန့်ဖုတ်ဆိုဒါကို လက်ချောင်းလေးတွေနဲ့ နည်းနည်းလေးပဲယူပြီး ခြေထောက်စိမ်မယ့် ရေဇလုံထဲထည့်ပါ။ ပြီးရင်တော့ ခြေထောက်ကို ၁၅ မိနစ် ထည့်စိမ်ထားပါ။

ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ခြေဖဝါးအနံ့နံတာ သက်သာလာမှာပါ။ ဒီနည်းလမ်းမှာတော့ ရေနွေးမသုံးပါဘူး။

Tea Bag နဲ့စိမ်ခြင်း

ရေနွေးပူခွက်ထဲကို tea bags ၄ ထုပ်လောက်ထည့်ပြီး ၅ မိနစ်၊ ၁၀ မိနစ်လောက် စိမ်ထားပါ။ အချိန်ပြည့်ရင် tea bag တွေထုတ်ပြီး စိမ်ထားတဲ့အရည်ကိုပဲ ရေအေး ၂ ခွက်နဲ့ရောလိုက်ပါ။ ပြီးရင်တော့ ခြေထောက်ထည့်ပြီး မိနစ် ၃၀ စိမ်ထားလိုက်ရုံပါပဲ။

ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာတစ်ကြိမ် ပုံမှန်လုပ်ပေးရုံနဲ့တင် ခြေဖဝါးအနံ့နံတာ သက်သာပျောက်ကင်းစေပြီး ခြေဖဝါးချွေးထွက်တာလည်း သက်သာစေပါတယ်။