Diet လုပ်တာ၊ အစားရှောင်တာတွေက ဝိတ်ချတဲ့ ဖြစ်စဉ်မှာ ပျောက်ကွယ်သွားတတ်တဲ့ အလေ့အကျင့်တွေ ဖြစ်ပါတယ်။ အစားရှောင်နေတုန်းပဲ ဝိတ်ကျပြီး အရင်အတိုင်း ပြန်စားလို့ ဝိတ်ပြန်တက်လာမယ်ဆိုရင်တော့ သင်လုပ်တဲ့ နည်းလမ်းတွေက မမှန်သေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Diet ဆိုတဲ့ စကားလုံးကို မေ့ထားပြီး တစ်သက်တာ ခန္ဓာကိုယ် ချပ်ချပ်ရပ်ရပ်နဲ့ အချိုးကျနေစေဖို့ နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ သောက်စရာ ဖျော်ရည်အနေနဲ့ ရေကို ရွေးပါ

သင်က အချိုရည်တွေ၊ ဖျော်ရည်တွေကို မသောက်ဘဲ ရေကိုပဲ သောက်တတ်သူဆိုရင် ကယ်လိုရီ ရာပေါင်းများစွာ ကျပြီးသား ဖြစ်သွားပါပြီ။ ရေ များများသောက်တာက ကြိုးစားစရာ မလိုဘဲ ဝိတ်ကျစေတဲ့အထဲ ပါဝင်ပါတယ်။

၂။ သင်ကြိုက်တဲ့ အစားအသောက်တွေကို ဖန်တီးကြည့်ပါ

နောက်ထပ် အစားမရှောင်ဘဲ ဝိတ်ကျတဲ့နည်းလမ်းကတော့ သင်ကြိုက်တဲ့ အစားအသောက်တွေကို သင်ကိုယ်တိုင် ဖန်တီးကြည့်တာပါ။ ဥပမာ- သင်က ဟမ်ဘာဂါ ကြိုက်တယ်ဆိုရင် အထဲက အသားကို အဆီနည်းတဲ့ အသားနဲ့ အစားထိုးပြီး ပေါင်မုန့်ကို Wheat Bread ပြောင်းတာမျိုး လုပ်နိုင်ပါတယ်။

၃။ ထည့်တဲ့ အနံ့အရသာတွေကို ဂရုစိုက်ပါ

သင်ကြိုက်တဲ့ ဟင်းခတ်အမွှေးအကြိုင်မှုန့်တွေက မထင်မှတ်ဘဲ ကယ်လိုရီ များနေနိုင်ပါတယ်။ ကယ်လိုရီ ပါဝင်မှုနည်းတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေကို ပြောင်းသုံးတတ်ဖို့ ကြိုးစားသင့်ပါတယ်။

၄။ သရေစာ အချိုတွေကို စတိုးဆိုင်မှာပဲ ထားခဲ့ပါ

သင်က ကွတ်ကီးတွေ၊ ချောကလက် ကိတ်တွေကို ဝယ်ထားမိရင် စားမိမှာပါပဲ။ အချို နေ့တိုင်း စားတာမျိုး မဖြစ်စေဖို့ အရေးကြီးပါတယ်။ အရမ်းစားချင်လာတဲ့ အချိန်မျိုးမှ ဝယ်စားလိုက်တာက ဘာမှမဖြစ်ပါဘူး။

၅။ သင့်ရေခဲသေတ္တာကို အသီးအနှံတွေနဲ့ပဲ ဖြည့်ထားပါ

သင့်ခန္ဓာကိုယ်က ဒါကိုပဲ စားရတာ များလာရင် ဒီအစားအစာကိုပဲ တောင့်တ လာတတ်ပါတယ်။ ခန္ဓာကိုယ်က စားနေကျဖြစ်လာရင် ဒါကိုပဲ စားချင်တာမျိုး ဖြစ်တတ်တာမို့ သင့်ရေခဲသေတ္တာထဲ ကျန်းမာရေးနဲ့ ညီညွတ်တာတွေနဲ့ပဲ ဖြည့်ထားသင့်ပါတယ်။

၆။ သင်ကြိုက်တဲ့ လေ့ကျင့်ခန်းကို ရှာဖွေပြီး သင့် Lifestyle ထဲမှာ ထည့်သွင်းပါ

ပုံမှန် လှုပ်လှုပ်ရှားရှား နေတာက ဝိတ်အမြန်ကျဖို့ ကူညီပေးနိုင်ပါတယ်။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ လေ့ကျင့်ခန်း Program မှာ ဝင်ပါတာ စသဖြင့် ကိုယ်နှစ်သက်တဲ့ အားကစားနည်းကို ရှာဖွေပြီး သင့် Lifestyle မှာ ပေါင်းထည့်သင့်ပါတယ်။

၇။ ပိုသေးတဲ့ ပန်းကန်ကို သုံးပါ

ပန်းကန်သေးသေးလေးထဲမှာ အများကြီး ထည့်လိုက်တဲ့အခါ သင့်စိတ်ထဲ ပိုစားရတယ်လို့ ခံစားရစေပါတယ်။ ဘာမှ ပြောင်းလဲ စရာမလိုဘဲ ဝိတ်ကျဖို့ ပန်းကန် Size ကို ပြောင်းလဲသင့်ပါတယ်။

၈။ ပရိုတင်းကို များများစားပါ

ပရိုတင်းက အစာချေဖို့ ကြာတာကြောင့် သင့်ကို ဗိုက်အဆာခံစေပါတယ်။ ပရိုတင်း နည်းနည်းလေး စားရုံနဲ့ ဗိုက်တင်းတာကြောင့် ဝိတ်ချနေသူတွေအတွက် အကျိုးရှိပါတယ်။

၉။ အိပ်ပါ

အိပ်ချိန် မလုံလောက်တဲ့အခါ အဆီများတဲ့ အစားအသောက်တွေကို ပိုစားမိစေပါတယ်။ ဒါကြောင့် အိပ်ချိန်ကို ပုံမှန်လေး ထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar