ကမ္ဘာပေါ်မှာ စာအဖတ်နိုင်ဆုံးသူဌေးကြီးတစ်ဦးလို့ ဘီလ်ဂိတ်စ်ကို ညွှန်းကြပါတယ်။ အချမ်းသာဆုံးလူတစ်ယောက်အနေနဲ့ သူ့လောက် အလုပ်များတဲ့သူလည်း ရှားပါလိမ့်မယ်။ ဒီကြားထဲ ပရဟိတအလုပ်တွေကလည်း သူ့မှာ တပုံကြီး ရှိနေပါတယ်။
ဒါပေမယ့် ဘီလ်ဂိတ်စ်ဟာ တစ်ပတ်ကို စာအုပ်တစ်အုပ်နှုန်းနဲ့ တစ်နှစ်ကို စာအုပ် ၅၀ လောက် ဖတ်ပါတယ်။ ဒီလောက်စာဖတ်သန်တဲ့သူတစ်ယောက်အနေနဲ့ သူဖတ်တဲ့စာအုပ်တွေကနေ အသိအမြင်နဲ့ တန်ဖိုးတွေ ဘယ်လိုရအောင် ယူသလဲဆိုတာ စိတ်ဝင်စားစရာပါ။
တကယ်တော့ ဘီလ်ဂိတ်စ်ဟာ စာဖတ်ရာမှာ စာကနေ အသိပညာတွေ ရနိုင်သမျှ ရအောင် နှိုက်ထုတ်နိုင်ဖို့ စည်းမျဉ်းစည်းကမ်းလေးတွေ ထားတဲ့အကျင့် လုပ်ထားသူ ဖြစ်ပါတယ်။ အောက်မှာ သူ့ရဲ့ စာဖတ်နည်းစည်းကမ်း ၄ သွယ်ကို မျှဝေထားပါတယ်။
(၁) ဘေး Margins မှာ မှတ်စုထားပါတယ်
Photo: Gates Notes
“စာဖတ်ပြီဆိုရင် အာရုံစိုက်နေဖို့လိုပါတယ်။ အထူးသဖြင့် Nonfiction လိုမျိုး သုတစာပေတွေ ဖတ်ရာမှာ ဗဟုသုတသစ်တွေ ရရဲ့လားဆိုတာအရေးကြီးပါတယ်။ ကျုပ်ကတော့ မှတ်စုလေးတွေ တစ်ခါတည်း လုပ်ပြီး ဖတ်တော့တာပါပဲ” လို့ ဘီလ်ဂိတ်စ်က ပြောဖူးပါတယ်။ ဟုတ်ပါတယ်။ နုတ်စ်မှတ်ပြီး ဖတ်တာဟာ ပိုပြီးလည်း နားလည်မှတ်မိလွယ်သလို ၊ အမြင်နဲ့ အတွေးလည်း ပိုပြီး ကျယ်ပြန့်လာအောင် ကူညီပေးနိုင်ပါတယ်။
(၂) ကိုယ်စထားတာကို အဆုံးသတ်နိုင်ပါစေ
Photo: Time Magazine
ဘီလ်ဂိတ်ကတော့ သူပြီးအောင် မဖတ်နိုင်မယ့်စာအုပ်မျိုးကို မဖတ်ဖြစ်အောင် ရှောင်တယ်လို့ ဆိုပါတယ်။ စာအုပ်တစ်အုပ်ကို တစ်ဝက်တစ်ပျက်ပဲ ဖတ်ရင်တော့ စာရေးသူရဲ့ အာဘော်ကို အပြည့်အဝမြင်နိုင်ဖို့ မဖြစ်နိုင်သလို တစ်ပိုင်းတစ်စ သိတာကလည်း အန္တရာယ်ရှိပါတယ်။
(၃) စာရွက်နဲ့ ဒီဂျစ်တယ် အလဲလဲ ဖတ်တယ်
Photo: Business Insider
စိတ်အပြောင်းအလဲ ဖြစ်အောင်ဆိုပြီး ဘီလ်ဂိတ်စ်ဟာ Print ကနေ Digital ပြောင်းပြောင်းပြီး ဖတ်တဲ့ အကျင့်ရှိပါတယ်။ ညရောက်လို့ စာဖတ်ပြီဆိုရင်တော့ စာအုပ်ကိုင်ပြီး ဖတ်ရမှ ကျေနပ်တယ်လို့လည်း ပြောထားပါတယ်။ တကယ်တော့ ဘယ်လိုပုံစံနဲ့ပဲ ဖတ်ဖတ် စာဖတ်ချိန်မှာ ကိုယ့်ကို သက်တောင့် သက်သာရှိစေပြီး ဖတ်လို့ကောင်းစေတဲ့ စတိုင်နဲ့ ဖတ်ဖို့က အရေးကြီးပါတယ်။
(၄) အနည်းဆုံး ၁ နာရီ ဖတ်တယ်
Photo: Business Insider
စာကို အလေးအနက် ဖတ်ဖို့အတွက် အနည်းဆုံး ၁ နာရီ အချိန်ပေးဖို့ ဘီလ်ဂိတ်စ်က အကြံပြုပါတယ်။ “စာတစ်အုပ်ဖတ်တယ်ဆိုတာ ၅ မိနစ် ၁၀ မိနစ်နဲ့ လုပ်နိုင်တဲ့ အရာမျိုးမဟုတ်ဘူးလေ။ မဂ္ဂဇင်းဆောင်းပါးတို့ YouTube ဗွီဒီယိုအတိုလေးတွေလောက်ဆိုရင်တော့ ဟုတ်မှာပေါ့” လို့ ဘီလ်ဂိတ်စ်က ဆိုပါတယ်။
စာဖတ်တယ်ဆိုတာ ပြီးပြီးရော ဖတ်ရတာမျိုး မဟုတ်ပါဘူး။ စဉ်းစားရ/ချင့်ချိန် ခံစားရတဲ့ အလုပ်ပါ လုပ်ရတာ ဖြစ်လို့ အေးအေးဆေးဆေး အချိန်မပေးနိုင်ဘဲ ဖတ်မယ်ဆိုရင် ထိထိရောက်ရောက် စာဖတ်နိုင်ဖို့ ခက်ပါလိမ့်မယ်။ အချိန် သိပ်မပေးနိုင်သူတွေအတွက် ၁၀-၁၅ မိနစ် အပြေးအလွှားဖတ်တာကို ဘာမှမပြောလိုပေမယ့် အချိန်ရရင်တော့ အနည်းဆုံး စာအုပ်တစ်အုပ်ကို တစ်နာရီလောက်တော့ အချိန်ပေး ဖတ်မှပဲ စာဖတ်ခြင်းရဲ့ ရသကို ပိုပြီးပီပီပြင်ပြင် ခံစားရမှာ ဖြစ်ပါတယ်။