လူတွေရဲ့စိတ်က ကြွက်သားတွေလိုပါပဲ။ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းအောင် လေ့ကျင့်ပေးရသလို စိတ်ပိုင်းဆိုင်ရာ ကိုလည်း ပိုကြံ့ခိုင်လာအောင်လေ့ကျင့်ပေးလို့ ရပါတယ်။ စိတ်ဓါတ်ကြံ့ခိုင်တဲ့လူတွေသာ ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်အောင်သွားနိုင်မှာပါ။ ခိုင်မာတဲ့ စိတ်ဓာတ်ရှိသူတွေကို အများကလည်းလေးစားတတ်ကြပါတယ်။ အခု ပြောပြပေးမှာက သင့်စိတ်ကိုအခုထက် ပိုမိုကြံ့ခိုင်လာအောင်လေ့ကျင့်နိုင်တဲ့ နည်းလမ်း (၄)ခု အကြောင်းပါ။
(၁) သင့်စိတ်ကို သင်သတိပြုကြည့်ပါ
Photo : Freepik
ကိုယ့်ရဲ့စိတ်ကို ကိုယ်သတိပြုတယ်ဆိုတာဟာ ကိုယ့်စိတ်ထဲမှာဖြစ်ပျက်နေတဲ့ အတွေးတွေ၊ စိတ်ခံစားမှုတွေ ဘာတွေဖြစ်နေလဲ၊ ဘာတွေကိုယုံကြည်တာလဲ၊ ကိုယ့်ရဲ့စိတ်နေသဘောထားစတာတွေကို သတိထားအကဲဖြတ်တာ ကိုဆိုလိုတာပါ။ များသောအားဖြင့် ပြင်ပကအရာတွေအပေါ် စိတ်ရဲ့တုံ့ပြန်မှုက သတိမပြုမိဘဲတုံ့ပြန်လိုက်တာ များပါတယ်။ သို့ပေမယ့် ချုပ်ထိန်းဖို့ကြိုးစားရမှာမဟုတ်ဘဲ သတိထားကြည့်ဖို့လိုပါတယ်။ ¬
(၂) အာရုံစိုက်ပါ
Photo : Freepik
လူအများစုက သူတို့ရဲ့အာရုံကို ဖမ်းစားနိုင်တဲ့အရာတွေနဲ့ပဲအချိန်ဖြုန်းလေ့ရှိကြပါတယ်။ ဆိုရှယ်မီဒီယာမှာပဲ ဖုန်း ပွတ်နေတာ ဒါမှမဟုတ် လိုချင်တဲ့ပစ္စည်းတွေအကြောင်းစဥ်းစားတာတွေနဲ့ပဲ စိတ်ကတဝဲလည်လည်ဖြစ်နေတတ်ပါတယ်။ ဒီနေရာမှာ သင့်ရဲ့အာရုံစူးစိုက်မှုကိုထိန်းချုပ်နိုင်စွမ်းရှိဖို့က အလေ့အကျင့်ပါပဲ။ တကယ်တော့ လက်ရှိအချိန်ကသာ အကောင်းဆုံးအရာတွေရှိတာပါ။ သင့်အနေနဲ့ဒါကိုဂရုစိုက်တတ်လာရင် မြင်နိုင်လာပါလိမ့်မယ်။
(၃) သင့်ကိုယ်သင် ကြင်နာစွာဆက်ဆံပါ
Photo : Freepik
သင့်ကိုယ်သင်ကြင်နာစွာဆက်ဆံတာဟာ အလွန်ရိုးရှင်းကောင်းမွန်တဲ့ နည်းလမ်းတခုပါ။ သင်အခက်အခဲတွေ့ချိန်တိုင်း သင့်ကိုယ်သင် သင့်ရဲ့သူငယ်ချင်းကောင်းတယောက်ကိုဆက်ဆံသလိုမျိုးပြုမူဆက်ဆံဖို့ လိုပါတယ်။ တခြားသူတွေအမှားလုပ်တဲ့ အခါနားလည်ပေးနိုင်ပေမယ့် ကိုယ့်ကိုယ်ကိုတော့အပြစ်တင် ဝေဖန်မိနေရင် ပိုကောင်းမလာဘဲ စိတ်ဖိစီးမှုတွေပဲ ထပ်ရမှာပါ။
(၄) သင့်ကိုယ်သင်အကောင်းပြောပါ
Photo : Freepik
တကယ်လို့သင့်မှာ ခက်ခဲတဲ့ စိတ်အခြေအနေနဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေရှိနေရင် သင့်ကိုယ်သင်ပြောတဲ့ စကားတွေကို ပြန်သတိထားကြည့်ပါ။ ပြဿနာတစ်ခုဖြစ်တဲ့အခါ သင့်ကိုယ့်သင် ဘယ်လိုစကားလုံးတွေပြောမိလဲဆိုတာက သင့်ကိုယ်သင်ထင်မြင်ယူဆချက်တွေနဲ့ ပတ်သတ်နေပါတယ်။ တကယ်လို့အပျက်သဘောဆောင်တဲ့ ပြောဆိုမှုတွေရှိနေရင် သင့်ကိုယ်သင်ပြောတဲ့ စကားတွေကို အကောင်းဘက်က ပြန်တည်ဆောက်ဖို့ကြိုးစားပါ။