Shoes ဖိနပ်တွေက အလုံပိတ်ဖြစ်လို့ အနံ့အသက်ဆိုးတွေက ကြာရှည်စွဲနေတတ်ပါတယ်။ ဒါကြောင့် အနံ့ဆိုးမဖြစ်အောင် သေချာဂရုစိုက်ပေးဖို့လိုပါတယ်။ ခြေထောက်အနံ့ဆိုး၊ ဖိနပ်အနံ့ဆိုးတွေက ကိုယ်သွားလေရာနောက်ကို အနံ့ပါနေတာဖြစ်လို့ အရမ်းဆိုးရွားပါတယ်။ ဒီတော့ ကိုယ်တိုင်လုပ်နေမိတာတွေရှိရင်လည်း ဆင်ခြင်လို့ရအောင်လို့ Shoes ဖိနပ်ကို အနံ့ဆိုးဖြစ်အောင်လုပ်မိနေတဲ့ နေ့စဉ်အလေ့အကျင့်တွေကို ပြောပြပေးလိုက်ပါတယ်။

Shoes ဖိနပ်စီးရင် ခြေအိတ်မဝတ်ခြင်း

Shoes ဖိနပ်စီးတဲ့အခါ ခြေအိတ်မဝတ်ထားရင် ချွေးတွေက အဲ့ဖိနပ်ရဲ့ အတွင်းပိုင်းတစ်ခုလုံးဆီကို ပေကုန်ပြီး ဖိနပ်မှာ အနံ့တွေစွဲနေစေပါတယ်။ ခြေအိတ်ဝတ်ထားရင်ကျတော့ ခြေအိတ်မှာပဲ ချွေးတွေပေတဲ့အတွက် ဖိနပ်ကသိပ်မနံတော့ပါဘူး။ ခြေအိတ်ကနံလည်း ပြန်လျှော်လို့ရတဲ့အတွက် ခြေအိတ်ဝတ်သင့်ပါတယ်။

ညစ်ပတ်တဲ့ခြေအိတ်ကိုဝတ်ခြင်း

ခြေအိတ်ကတစ်ခါဝတ်ပြီးရင် မလျှော်ရသေးပဲ ပြန်မဝတ်သင့်ပါဘူး။ မလျှော်ရသေးတဲ့ ညစ်ပတ်နေတဲ့ ခြေအိတ်ကို ပြန်ဝတ်မယ်ဆိုရင် အနံ့အသက်တွေက ပိုဆိုးပြီးတော့ ဖိနပ်နဲ့ခြေထောက်မှာ စွဲကပ်သွားစေပါတယ်။ ဘတ်တီးရီးယားတွေလည်း ဖြစ်စေပါတယ်။

Shoes ဖိနပ်ကို မသန့်စင်ခြင်း

Shoes ဖိနပ်ကို ခဏခဏမလျှော်နိုင်ရင် အတွင်းအသားကို နေပြပေးပါ။ ဖိနပ်အောက်ခြေတွေကို သန့်ရှင်းရေးလုပ်ပေးပါ။ အဲ့လိုမလုပ်ပဲ စီးနေမယ်ဆိုရင်တော့ Shoes ဖိနပ်က အနံ့အသက်ဆိုးထွက်လာပါလိမ့်မယ်။

ဖိနပ်ရေမခြောက်ခြင်း

မိုးတွင်းမှာပဲဖြစ်ဖြစ် Shoes ဖိနပ်တွေစီးပြီး ရေစိုနေရင် ခြောက်အောင်လုပ်ရပါမယ်။ နေရောင်ခြည်ပြပေးရပါမယ်။ အဲ့လိုမလုပ်ပဲ ရေစိုနေတဲ့အတိုင်းထားပြီး နောက်နေ့ုပြန်စီးတာမျိုးဆိုရင် ဖိနပ်က ရေမခြောက်တဲ့အနံ့လိုမျိုး အနံ့ဆိုးထွက်လာပါလိမ့်မယ်။

Gym ဆော့တုန်းကဝတ်ထားတဲ့ခြေအိတ်ကိုပြန်ဝတ်ခြင်း

Gym ဆော့ထားရင် ချွေးအရမ်းထွက်တဲ့အတွက် ခြေအိတ်မှာလည်း ချွေးတွေက ပေနေတာပါ။ ပြီးတာနဲ့ အဲ့ခြေအိတ်ကို လျှော်ပစ်ရပါမယ်။ မလျှော်ပဲနဲ့ အပြင်သွားတဲ့အခါ ပြန်ဝတ်တာမျိုး၊ နောက်နေ့ Gym ဆော့တဲ့အခါ ပြန်ဝတ်တာမျိုး လုပ်မယ်ဆိုရင်တော့ အရမ်းကိုဆိုးရွားတဲ့ ခြေထောက်အနံ့ဆိုးတွေ ရနေပါလိမ့်မယ်။ ကိုယ်စီးတဲ့ Shoes ဖိနပ်တွေမှပါ အနံ့စွဲသွားပါလိမ့်မယ်။

ဖိနပ်မချွတ်ပဲနေခြင်း

Shoes ဖိနပ်စီးတဲ့အခါ လေရအောင်လို့ ခဏလောက်တော့ ဖိနပ်ချွတ်ပြီးနေသင့်ပါတယ်။ ဖိနပ်မချွတ်ပဲ တစ်နေကုန်နေရင် ချွေးတွေနဲ့ လေဝင်လေထွက်လည်းမရှိတော့ Shoes ထဲမှာလှောင်ပြီး အနံ့အသက်ဆိုးတွေ ပိုထွက်စေပါတယ်။