ပွဲသွားစရာရှိတဲ့အခါ ဆံပင်ကို Korea မလေးတွေလို  Beach Wave လှလှလေးလည်း  ကောက်ချင် တယ်။ ဆိုင်မှာလည်း သွားမကောက်ချင်ဘူး။ ဆံပင်ပျက်စီးမှာဆိုးလို့ အပူချောင်း လည်း မသုံးချင်ဘူး ဖြစ်နေရင် အောက်ကနည်းလေးတွေကို စမ်းကြည့်ပါ။ အိမ်မှာတင်လုပ်လို့ရပြီး အချိန်အများကြီး ပေးစရာလည်းမလို ငွေကုန်လည်းသက်သာ အပူလည်း ထိစရာ မလိုဘဲ လှပတဲ့ Wave လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

ကျစ်ဆံမြီးကျစ်ပါ

အပူမပါပဲ ဆံပင်အကောက်လေးတွေရဖို့ အလွယ်ဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ ညဘက်မှာ ဆံပင်ကို ကျစ်ဆံမြီးနဲ့ကျစ်ပြီး အိပ်တာပါ။ မနက်အိပ်ရာနိုးတဲ့အခါ ကျစ်ဆံမြီး ကို ပြန်ဖြည်လိုက်တဲ့အခါ Wave လှလှလေး ရနေမှာပါ ။ ဆံပင်ကျွတ်တာကို သက်သာစေဖို့ Hair Serum လေး လိမ်းပေးပါ။

Hair Rollers ကိုသုံးပါ

ဆံပင်ကို စိုအောင်လုပ်ပြီးရင် အပိုင်းပိုင်းလေးတွေခွဲလိုက်ပါ ။ ခွဲထားတဲ့အပိုင်းက ဆံပင်လေးတွေကို Hair Rollers နဲ့ အဖျားကနေစပြီး လိပ်လိုက်ပါ။ အဆုံးမှာ မြဲအောင်လို့ ကလစ် လေးနဲ့ထိန်းထားပေးပါ။ နှစ်နာရီ သုံးနာရီလောက် အခြောက်ခံပြီးလို့ ဖြည်လိုက်ရင်တော့ လှပတဲ့ Wave တွေ ဖြစ်သွားပြီပေါ့။ အကောက်လေးတွေ ကြာကြာခံဖို့တော့ Hair Setting Spray လေးသုံးပေးပါ။

T-Shirt အဟောင်းတစ်ထည်ကိုသုံးပါမဝတ်ဖြစ်တော့တဲ့ T-Shirt အဟောင်းတထည်ကိုယူပြီး လိမ်လိုက်ပါ။ အစွန်းနှစ်ဖက်ကို အတူချည်လိုက်ပါ။ ရလာတဲ့ T-Shirt အဝိုင်းလေးကို ခေါင်းပေါ်တင်ပြီး ဆံပင်တွေနဲ့ ရစ်ပတ် လိုက်ပါ။ မနက်နိုးလာတဲ့အချိန် ဖြည်လိုက်ရင်တော့ Wave လေးတွေက  အရမ်းလှနေမှာပါ။

ခြေအိတ်တွေကိုအသုံးပြုပါ

အရင်ဆုံး ဆံပင်တွေကို အပိုင်းလေးတွေခွဲထားပါ။ ခွဲထားတဲ့ ဆံပင်တစ်ပိုင်းထိပ်နားမှာ ခြေအိတ်အပိတ်ဘက်ခြမ်းကို ကလစ်နဲ့ညှပ်ထားပါ။ ခြေအိတ်နဲ့ ဆံပင်ကို ရစ်လိုက်ပြီးရင် အပေါက်ကနေ ခြေအိတ်ကို အပေါ်ဘက်ပြန်ဆွဲတင်ပြီး ခြေအိတ်အဖျားကို ပြန်အုပ်လိုက်ပါ။ ညဘက် အိပ်ပြီးသွားရင်တော့ ဆံပင်က အရမ်းလှတဲ့ Wave အကြီးကြီးတွေနဲ့ လှနေ ပါပြီ။

ဆံပင်ကိုလိမ်လိုက်ပါ

အကောက်လှလှလေးတွေရဖို့ အလွယ်ဆုံးနောက်ထပ်နည်းလမ်းကတော့ ဆံပင်ကို လိမ်တာပါ။ အရင်ဆုံး ဆံပင်ကို နှစ်ဘက်ခွဲလိုက်ပါ။ ပြီးရင် တဘက်ကဆံပင်ကို လိမ်ပြီး အဆုံးမှာ ထုံးထားလိုက်ပါ။ နောက်တဖက်ကိုလည်း အဲ့အတိုင်းလုပ်ပေးပါ။ အနည်းဆုံး ခြောက်နာရီလောက်ကြာအောင် ထားပြီးရင်တော့ အမိုက်စား ဆံပင်အကောက်လေးတွေ ဖြစ်သွားပါပြီ။