တစ်ခါတစ်ရံမှာ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုတွေ၊ စိတ်ဆင်းရဲမှုတွေနဲ့ ကြုံရရင် စိတ်ဓာတ်ကျတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုစိတ်ဓာတ်ကျနေတဲ့အချိန်မှာ မပြုလုပ်သင့်တဲ့အရာတွေ ရှိပါတယ်။ ဒီအရာတွေကိုလုပ်မိရင် စိတ်ညစ်ပြီး၊ ပိုစိတ်ဓာတ်ကျ အားငယ်တာမျိုး ဖြစ်လာနိုင်လို့ပါ။

ကိုယ့်ထက်သာတဲ့သူတွေကို လိုက်မယှဉ်ပါနဲ့

စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ကိုယ့်ထက်သာနေတဲ့သူတွေ၊ အဆင်ပြေနေတဲ့သူတွေကို လိုက်ကြည့်ပြီး ယှဉ်နေရင် ပိုစိတ်ဓာတ်ကျပြီး အားငယ်ရပါတယ်။

အရမ်းမတွေးပါနဲ့

အဆင်မပြေခဲ့တာတွေ၊ ဝမ်းနည်းစရာတွေကို ပြန်မတွေးပါနဲ့။ တချို့ကျတော့ ဝမ်းနည်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်တွေမှာ အရမ်းကို အတွေးနယ်ချဲ့ပြီး တွေးတတ်ကြတယ်။ ဒီလိုလုပ်တာဟာ ပိုစိတ်ပင်ပန်းပြီး ပိုခံစားရပါတယ်။

ကိုယ့်အပေါ်မကောင်းတဲ့သူတွေနားမသွားပါနဲ့

စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ကိုယ့်အပေါ်မကောင်းတဲ့သူတွေနားသွားတာမျိုး၊ သူတို့ကိုစကားသွားပြောတာမျိုး၊ ရင်ဖွင့်တာမျိုးမလုပ်ပါနဲ့။ သူတို့က ကိုယ်အဆင်မပြေရင် ပျော်တဲ့သူတွေဖြစ်နေတာကြောင့် နှစ်သိမ့်အားပေးမှုတွေမရတဲ့အပြင် ကိုယ်ပဲပိုပြီး စိတ်ထိခိုက်ရပါလိမ့်မယ်။

တစ်ယောက်ထဲမနေပါနဲ့

စိတ်ဓာတ်ကျနေချိန်မှာ တစ်ယောက်ထဲနေရင် တစ်ချိန်လုံး တစ်ခုပြီးတစ်ခုတွေးနေမိမယ်။ ပိုဝမ်းနည်းပြီး အထီးကျန်လာမယ်။ ဒါကြောင့် ကိုယ့်ကိုချစ်တဲ့သူတွေ၊ ကိုယ့်မိသားစုတွေနဲ့နေပြီး အတတ်နိုင်ဆုံး စိတ်ပျော်အောင်လုပ်ပါ။