တော်တော်များများက တနင်္လာနေ့ရောက်မှာကို ကြောက်ကြပါတယ်။ ပိတ်ရက်နှစ်ရက်ခံသွားတော့ ရုံးပြန်တက်ရမှာကို ပျင်းကြတာပေါ့။ ဒီလိုမဖြစ်ရလေအောင် တနင်္လာနေ့ရောက်တိုင်း အလုပ်သွားရမှာ ပျင်းတဲ့သူတွေအတွက် တက်ကြွလန်းဆန်းနေစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

အလုပ်အကြွေးမထားပါနဲ့

အလုပ်အကြွေးထားရင် ရုံးပြန်တက်ရမယ့် တနင်္လာနေ့ကို ကြောက်နေပါလိမ့်မယ်။ ဒါကြောင့် လုပ်စရာရှိတဲ့အလုပ်တွေကို သောကြာနေ့မှာ အပြတ်လုပ်ခဲ့ပါ။ ဒါဆိုရင် တနင်္လာနေ့မှာ အလုပ်တွေပုံပြီး ပြန်လုပ်ရတော့မယ်ဆိုပြီး စိတ်ညစ်ရမှာ မဟုတ်တော့ပါဘူး။

စောစောအိပ်ပါ

တနင်္ဂနွေနေ့မှာ အပျော်တွေလွန်ပြီး အိပ်တာနောက်ကျရင်တော့ မနက်ကျရင် မထချင်တာ၊ အလုပ်မသွားချင်တာမျိုးတွေ ဖြစ်နေမှာပါ။ ဒါကြောင့် စောစောအိပ်ပါ။ စောစောအိပ်ပြီး အိပ်ရေးဝနေရင် မနက်လည်း စောစောနိုးနေမှာဖြစ်တဲ့အတွက် အလုပ်သွားဖို့လည်း ပျင်းနေမှာမဟုတ်တော့ပါဘူး။

ပုံမှန် Exercise ထလုပ်ပါ

မနက်နိုးတာနဲ့ exercise လုပ်တတ်တဲ့ အကျင့်ရှိနေရင် ကိုယ်လုပ်နေကျအချိန်မှာ ပုံမှန်ထလုပ်ဖြစ်မှာပါ။ အဲ့တော့ တနင်္လာနေ့တွေမှာလည်း ထွေထွေထူးထူးပျင်းနေစရာ မရှိတော့ပါဘူး။ သာမာန်အတိုင်းပဲ ဖြစ်နေမှာပါ။ မနက်စောစော exercise လုပ်တာက တစ်နေ့လည်း ပေါ့ပါးလန်းဆန်းစေပါတယ်။

မနက်စာသေချာစားပါ

မနက်စာမစားပဲ ရုံးသွားရင် ခေါင်းမူးတာ၊ စိတ်မကြည်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မနက်စာကို အာဟာရပြည့်ဝအောင်စားပါ။ ဒါမှ အားအင်ပြည့်ဝပြီး တက်ကြွလန်းဆန်းနေမှာပါ။

လှလှပပလေးပြင်ဆင်ပါ

ကိုယ်လုပ်စရာရှိတာတွေလုပ်ပြီး အလုပ်သွားတဲ့အခါမှာ ပြီးစလွယ် အမြန်သွားတာ၊ မပြင်မဆင်နဲ့သွားတာမျိုး မလုပ်ပါနဲ့။ လှလှပပ သပ်သပ်ရပ်ရပ်လေး သေချာပြင်ဆင် ဝတ်စားသွားပါ။ ကိုယ့်ကိုယ်ကို လှတယ်လို့ ခံစားနေရရင် စိတ်ကြည်လင်ပြီး ပျော်နေပါလိမ့်မယ်။

လုပ်ရမှာတွေကိုပြင်ဆင်ထားပါ

ကိုယ်လုပ်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်တော့ တနင်္လာနေ့မကလို့ ဘယ်လိုနေ့မျိုးပဲ ဖြစ်နေပါစေ အေးဆေးဖြစ်နေမှာပါ။ စိတ်ရှုပ်စရာ၊ အာရုံနောက်စရာ၊ ပျင်းရိစရာတွေလည်း ရှိနေတော့မှာ မဟုတ်ပါဘူး။ ဘယ်အရာကိုမဆို ဘာမှပြင်ဆင်ထားတာမရှိပဲ လုပ်စရာရှိတာတွေကို deadline နီးမှ ထလုပ်ရင်တော့ အလုပ်သွားချင်စိတ်တောင် ရှိတော့မှာမဟုတ်ပါဘူး။