ဒူးမဲလို့စိတ်ညစ်နေတဲ့သူတွေအတွက် ဒူးမဲတာ ဖြေးဖြေးချင်းစီသက်သာလာပြီး တစ်ဖြေးဖြေးနဲ့ အသားအရောင်ပြန်ညီလာအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒူးဖြူချင်တယ်၊ ဒူးမဲတာသက်သာချင်တယ်ဆိုရင် အရမ်းရိုးရှင်းပြီးလွယ်ကူတဲ့ ဒီနည်းလမ်းတွေကို လုပ်ကြည့်သင့်ပါတယ်။ ဘာမှမလုပ်ပဲ ဒူးမဲတာကိုကြည့်ပြီး စိတ်ဓာတ်တွေကျနေမယ့်အစား care လုပ်ပေးတာက ပိုပြီးအကျိုးရှိပါတယ်။

သခွားသီး

သခွားသီးကို ထူထူလေးလှီးပြီး ဒူးမှာ ၁၅ မိနစ်လောက်ကို ပွတ်ပေးရမှာပါ။ ပွတ်ပြီးရင်လည်း ၅ မိနစ်ထပ်ထားပါ။ ပြီးမှ ရေခဲရေနဲ့ သန့်စင်ပေးပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင် နေ့တိုင်းလုပ်ပေးမှ သိသာတဲ့ရလဒ်ကို မြင်တွေ့ရမှာပါ။

သံပယိုသီးနဲ့မုန့်ဖုတ်ဆိုဒါ

သံပယိုသီးကို ၂ ခြမ်းခြမ်းပြီး မုန့်ဖုတ်ဆိုဒါဖြူးပေးပါ။ ပြီးရင် အဲ့ဖြူးထားတဲ့ဘက်နဲ့ ဒူးခေါင်းကို ပွတ်ပေးပါ။ ၁ မိနစ်လောက် ဖြေးဖြေးချင်းစီပွတ်ပေးပြီး ၁၅ မိနစ်ထားပါ။ ပြီးမှ ရေကြက်သီးနွေးလေးနဲ့ သန့်စင်ပေးပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ ၂ ရက်ခြား ၁ ခါပဲ ပုံမှန်လုပ်ပေးပါ။ ဒူးမဲတာ သက်သာလာပါလိမ့်မယ်။

အာလူး

အာလူးကို သေးသေးလေးတွေရအောင်ခြစ်ပြီး အဝတ်တစ်ခုထဲထည့်ကာ အရည်ရအောင်ညှစ်ပါ။ ရလာတဲ့အာလူးအရည်ကိုမှ ဒူးခေါင်းမှာလိမ်းပေးပြီး ၁၅ မိနစ်ထားပေးရမှာပါ။ အချိန်ပြည့်ရင် ရေဆေးချလိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုတော့ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် ဒူးမဲတာက သိသိသာသာကို သက်သာလာမှာပါ။

ရှာလကာရည်နဲ့ဒိန်ချဉ်

ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်းနဲ့ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး ဒူးခေါင်းမှာ လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးရင် ရေကြက်သီးနွေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၃ ကြိမ် ပုံမှန်လုပ်ပေးရင် ဒူးမဲတာသက်သာပြီး အသားအရောင်ညီလာမှာပါ။

ဒူးမဲတာက အသားခြောက်ရင် ပိုသိသာပါတယ်။ ဒါကြောင့် lotion ပုံမှန်လိမ်းပေးဖို့လည်း မမေ့ပါနဲ့။ အသားအရမ်းခြောက်တဲ့သူတွေဆိုရင် lotion + oil လိမ်းပေးပါ။