တစ်ယောက်ထဲခရီးသွားလေ့ရှိရင် အများနဲ့သွားရတာထက် တစ်ယောက်ထဲသွားရတာကို ပိုပြီးတော့ သဘောကျလာပါလိမ့်မယ်။ အဖော်မပါပဲ တစ်ယောက်ထဲခရီးသွားရတာက လုံးဝမတူတဲ့ ခံစားမှုအသစ်တွေ၊ အတွေ့အကြုံအသစ်တွေအပြင် ဒီလိုကောင်းကျိုးတွေလည်း ရရှိလာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုပိုပြီးအားကိုးတတ်လာမယ်

ကိုယ့်အရပ်ဒေသမဟုတ်တဲ့ နေရာတွေကို တစ်ယောက်ထဲခရီးသွားရတာဖြစ်လို့ ဘယ်သူ့မှလည်း အားကိုးလို့မရ၊ မှီခိုလို့ မရတဲ့အတွက် ကိုယ့်ကိုယ်ကိုပိုပြီး အားကိုးတတ်လာပါလိမ့်မယ်။ ကိုယ့်အတွက် ကိုယ်ပဲရှိတယ်ဆိုတဲ့ စိတ်မျိုး ရလာပါလိမ့်မယ်။

အတွေ့အကြုံအသစ်တွေရလာမယ်

မတွေ့ဖူးသေးတဲ့၊ မကြုံဖူးသေးတဲ့ အတွေ့အကြုံအသစ်တွေ ရလာမယ့်အပြင် ဒီထက်ပိုကောင်းတဲ့ အတွေ့အကြုံအသစ်တွေ ရလာပါလိမ့်မယ်။ စူးစမ်းလေ့လာလိုစိတ်တွေလည်း ဖြစ်လာပြီး ဗဟုသုတလည်း ပိုရလာပါမယ်။

ယုံကြည်မှုပိုရှိလာမယ်

ကိုယ့်ကိုယ်ကို အားကိုးမှရမယ်ဆိုတာ သိလာတဲ့အတွက ယုံကြည်မှုပိုရှိလာမယ်၊ သတ္တိပိုရှိလာမယ်။ တစ်ခုခုဆို မလုပ်ရဲ မကိုင်ရဲ မသွားရဲတာမျိုးတွေ မရှိတော့ပါဘူး။ ဒါကြောင့် တစ်ယောက်ထဲခရီးသွားခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုတောင် ပိုတိုးလာစေပါတယ်။

စိတ်လွတ်လပ်ပေါ့ပါးမှုအပြည့်အဝရစေမယ်

တစ်ယောက်ထဲသွားမှာဖြစ်တဲ့အတွက် ကိုယ်အဆင်ပြေတဲ့အတွက် သွားချင်တဲ့အချိန် ထသွားလို့ရတယ်။ ဘယ်သူ့မှတိုင်ပဲစရာမလိုပဲ ကိုယ့်စိတ်နဲ့ကိုယ် ကြိုက်ရာလမ်းကြောင်းရွေးပြီး၊ ကြိုက်တဲ့နေရာကို စိတ်လွတ်ကိုယ်လွတ် သွားလာနိုင်မယ်။ အာရုံမနောက်တော့ဘူးပေါ့။ သူများနဲ့လိုက်ညှိုနေစရာလည်းမလိုပဲ စိတ်လွတ်လပ် ပေါ့ပါးမှုကို အပြည့်အဝ ခံစားရမှာပါ။

ပေါင်းသင်းဆက်ဆံရေးတိုးတက်လာမယ်

တစ်ယောက်ထဲခရီးသွားရင် အဖော်လည်းမပါတော့ တွေ့တဲ့နေရာမှာ မိတ်ဆွေအသစ်တွေနဲ့ မိတ်ဖွဲ့တတ်လာမယ်၊ ပေါင်းသင်းတတ်လာမယ်၊ အဆင်ပြေအောင် နေတတ်လာမယ်။ ဒီလိုနဲ့ ပေါင်းသင်းဆက်ဆံရေးက အရင်ထက်ပိုပြီး တိုးတက်လာပါလိမ့်မယ်။

စိတ်ချမ်းသာပြီးပျော်ရွှင်လာမယ်

တစ်ယောက်ထဲ ခရီးသွားရတာ ပျော်စရာကောင်းတာကို သိလာတဲ့အခါမှာတော့ အလုပ်လုပ်မယ်၊ စိတ်ချမ်းသာအောင်နေမယ်၊ တစ်ယောက်ထဲ မရောက်ဖူးသေးတဲ့နေရာတွေ ထပ်သွားမယ်ဆိုတဲ့စိတ်တွေ ဖြစ်လာပြီး အလုပ်ပိုကြိုးစားလာမယ်၊ ပိုက်ဆံစုဖြစ်လာမယ်၊ နေရတာ စိတ်ချမ်းသာပြီး ပျော်ရွှင်လာပါလိမ့်မယ်။