Huangluo ရွာ (သို့) Huangluo Yao ရွာဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အခုလို့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ရတဲ့ အကြောင်းရင်းကတော့ ဆံပင်အရှည်ဆုံးလူတွေနေထိုင်တဲ့ရွာအဖြစ် ဂင်းနစ်စံချိန်တင်ထားလို့ပါပဲ။

Photo:Reddit

မှတ်တမ်းတွေအရ အိမ်ထောင်စု (၆၀) ရှိ အမျိုးသမီး (၆၀) ယောက်ခန့်မှာ သဘာဝ အနက်ရောင်ဆံသားပိုင်ဆိုင်ထားပြီး အရှည်အနေနဲ့ (၁) မီတာကျော်ခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အရှည်ဆုံးကတော့ (၁.၇) မီတာ ရှိပါတယ်။ အဲဒီကျေးရွာကို ရောက်ဖို့ တရုတ်နိုင်ငံတောင်ပိုင်းက မြို့တစ်မြို့ဖြစ်တဲ့ Guilin မြို့ကနေ ၂ နာရီလောက် ကားစီးသွားရပါတယ်။

ဘာဖြစ်လို့ Red Yao အမျိုးသမီးတွေက ဆံပင်အရှည်ထားကြတာလဲ။ ဒါကတော့ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ သက်ဆိုင်လို့ပါပဲ။ Red Yao အမျိုးသမီးတွေက ဆံပင်အရှည်ထားခြင်းဟာ အသက်ရှည်ခြင်း ကြီးပွားချမ်းသာခြင်းဆိုတဲ့ အနက်အဓိပ္ပာယ်ဆောင်တယ်လို့ မှတ်ယူထားကြတယ်။

Photo: Chingum

သူတို့တွေဟာ သက်တမ်းတစ်လျှောက် (၂) ကြိမ်သာ ဆံပင်ညှပ်လေ့ရှိပြီး ပထမဆုံးတစ်ကြိမ်ကတော့ မွေးပြီးရက်ပေါင်း (၁၀၀) ပြည့်တဲ့အချိန်နဲ့ ဒုတိယတစ်ကြိမ်ကတော့ အသက် (၁၈) နှစ်ပြည့်တဲ့အချိန်ပဲဖြစ်ပါတယ်။ Yao အမျိုးသမီးတွေဟာ ဆံပင်အရှည်ထားရတာကို ဂုဏ်ယူလေ့ ရှိပြီး ဒီဓလေ့ ပျောက်ကွယ် မသွားအောင် မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုကို လက်ဆင့် ကမ်း သယ်ဆောင်ခဲ့ကြပါတယ်။

Huangluo ရွာလေးဟာ မြစ်ကမ်းဘေးမှာ တည်ရှိတဲ့အတွက်ကြောင့်လည်း မြစ်ရေနဲ့ နေ့စဉ် ခေါင်းလျှော်လေ့ ရှိကြပြီး ရက်သတ္တပါတ် (၁) ပါတ်ရဲ့ (၃) ရက်မြောက်နေ့၊ ဒါမှမဟုတ် (၄) ရက်မြောက်နေ့ မှာတော့ ဆံပင်ရှည်ဖို့ အထူးဖော်စပ်ထားတဲ့ ဆေးတစ်မျိုးနဲ့ ခေါင်းလျှော်လေ့ ရှိကြတယ်လို့ သိရပါတယ်။

Photo: Lazy Girl Tips

နောက်ထပ် ထူးခြားချက်တစ်ခုကတော့ အိမ်ထောင်မကျသေးတဲ့ မိန်းမပျိုတွေအနေနဲ့ သူမရဲ့ဆံပင်ကို အခြားသူတွေ မမြင်ရအောင် ထိန်းသိမ်းရတာပါပဲ။ မိန်းမပျိုတယောက်ရဲ့ ဆံပင်ကို ပထမဆုံး မြင်ရတဲ့ အမျိုးသားဟာ သူမရဲ့ခင်ပွန်းလောင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဲဒီကျေးရွာက မိန်းမပျိုတွေဟာ သူမရဲ့ဆံပင်ကို အခြားသူတွေ မမြင်ရအောင် အပြာရောင်ပုဝါနဲ့ ဖုံးထားလေ့ ရှိကြပါတယ်။

Huangluo ရွာလေးဟာ ရိုးရာဓလေ့ကို ထိန်းသိမ်းထားနိုင်တဲ့ ရွာတစ်ရွာဖြစ်ပြီး ကမ္ဘာ့လှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုခံရတဲ့ ရွာလေးဖြစ်ပါတယ်။