ကိုယ်ရောစိတ်ပါကျန်းမာဖို့ဆိုတာကလည်း များသောအားဖြင့်က ကိုယ်တိုင်နဲ့ပဲသက်ဆိုင်တာပါ။ ကိုယ်စိတ်ထားတတ်ရင်၊ ကိုယ်နေတတ်ရင် စိတ်ချမ်းသာပြီး ကျန်းမာစေမှာပါ။ ဒါကြောင့် ကိုယ်ရောစိတ်ပါ ကျန်းမာချင်တဲ့သူတွေအတွက် ပုံမှန်လုပ်ဆောင်ပေးရမယ့်အချက် ၈ ချက်ကို ပြောပြပေးလိုက်ပါတယ်။

ကျန်းမာတဲ့အစားအသောက်

အစားအသောက်စားတဲ့အခါမှာ ကျန်းမာတဲ့အစားအသောက်တွေကို စားသောက်ဖို့က အရမ်းကိုအရေးကြီးပါတယ်။ လူတိုင်းအတွက် ကျန်းမာတဲ့အစားအသောက်၊ သင့်တင့်မျှတတဲ့ အာဟာရဓာတ်တွေကို သေချာစားသောက်မယ်ဆိုရင် တော်တော်လေး ကျန်းမာစေမှာပါ။

ဆီကြော်မုန့်တွေလျှော့စားပါ

ဆီကြော်မုန့်တွေက ရှောင်တာကောင်းပေမယ့်လည်း လုံးဝမစားပဲမနေနိုင်ကြတာ များပါတယ်။ ဒါကြောင့် လုံးဝမစားပဲနေစရာ မလိုပါဘူး။ လျှော့စားရင်ရပါပြီ။ ဆီကြော်မုန့်တွေက ကျန်းမာရေးအတွက်လည်း သိပ်မကောင်းသလို ဝိတ်တက်၊ အဆီတက်စေပြီး ဝက်ခြံ၊ အဆီဖုလည်း ထွက်စေပါတယ်။

အရက်၊ ဆေးလိပ်ရှောင်ပါ

စိတ်ရောကိုယ်ပါ ကျန်းမာချင်တယ်ဆိုရင်တော့ အရက်၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။ မရှောင်နိုင်ရင်တော့ လျှော့သောက်ပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးပျက်ရင် ကျန်းမာရေးထိခိုက်သလို စိတ်ပိုင်းဆိုင်ရာလည်း ပိုအားနည်းလာစေပါတယ်။ စိတ်တိုလွယ်၊ စိတ်ရှုပ်လွယ်ပြီး တက်ကြွမှုမရှိစေပါဘူး။ ဒါကြောင့် ကိုယ်ရောစိတ်ပါ ကျန်းမာစေဖို့ အိပ်ရေးဝအောင်အိပ်ဖို့လည်း မမေ့ပါနဲ့။

Exercise or Yoga

ကိုယ်ရောစိတ်ပါ ကျန်းမာစေဖို့အတွက် Exercise လုပ်တာပဲဖြစ်ဖြစ်၊ Yoga ကျင့်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။ Yoga ကျင့်ပေးခြင်းကတော့ စိတ်ပိုင်းဆိုင်ရာကိုလည်း အများကြီး တိုးတက်လာစေပါတယ်။ Yoga ကျင့်ဖို့ အချိန်မပေးနိုင်ရင် တရားထိုင်ပေးလည်း ရပါတယ်။

ရေများများသောက်ပါ

ရေများများသောက်ပေးခြင်းက ကျန်းမာရေးအတွက်ကောင်းသလို အလှအပအတွက်လည်း ကောင်းပါတယ်။ အသားအရေကြည်လင် စိုပြည်စေပြီး ကိုယ်ရည်စစ်စေပါတယ်။

ပျော်ရွှင်မှုကိုရှာဖွေပါ

ပျော်ရွှင်နေမှလည်း စိတ်ချမ်းသာကိုယ်ကျန်းမာမှာပါ။ ဒါကြောင့် ကိုယ့်ပျော်ရွှင်မှုကိုပဲ ဦးစားပေးပြီး ပျော်ရွှင်မှုကိုရှာဖွေပါ။ စိတ်ညစ်စရာတွေသိပ်မတွေးပဲ ပျော်အောင်သာနေပါ။

Positive Thinking

အတွေးက အရမ်းကိုအရေးကြီးပါတယ်။ ဆိုးတာတွေပဲတွေးနေရင် စိတ်ပင်ပန်းပြီး ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ဘယ်အရာကိုမဆို အကောင်းဘက်ကများများတွေးပါ။ အကောင်းဘက်ကို များများတွေးနိုင်ရင် စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာတွေကိုတောင် အနိုင်ယူနိုင်ပါတယ်။