ရေမွှေးစွတ်တဲ့လူအများစုက ကိုယ်ကြိုက်တဲ့ရေမွှေးကိုသုံးတဲ့အခါ အနံ့ကို တာရှည်ခံစေချင်ပါတယ်။ ဒါပေမယ့် ဈေးကြီးပေးထားရတဲ့ရေမွှေးက အနံ့တာရှည်မခံတာ အနံ့မစွဲဘူးဆိုတာမျိုး မကြာခနဖြစ်တတ်ကြပါတယ်။ ဒီလိုဖြစ်တာက ဒီအမှားတွေထဲက တစ်ခုကို လုပ်မိနေလို့ပါ။

လက်ကောက်ဝတ်ကို ပွတ်တာ

အများစုက လက်ကောက်ဝတ်မှာ ရေမွှေးကိုစွတ်ပြီးရင် လက်နှစ်ခုက ပွတ်လိုက်ကြပါတယ်။ လက်ကောက်ဝတ်နှစ်ခုကို ပွတ်မယ့်အစား အသာလေး ပုတ်ပေးပါ။ ဒါက အနံ့ကို ကြာအောင် ထိန်းပေးပါလိမ့်မယ်။

အသားအရေပေါ်ဖြန်းတာ

ရေမွှေးက အနံ့ကြာရှည်မခံဘူးဆိုတာက ခြောက်သွေ့တဲ့အသားအရေပေါ်မှာ လိမ်းထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အနံ့က ရေဓာတ်ရှိတဲ့ အသားအရေပေါ်မှာ ကြာကြာနေတာမလို့ Lotion အရင်လိမ်းပေးပါ။ အကောင်းဆုံးရလဒ်တွေရဖို့အတွက် အမွှေးနံ့မပါတဲ့ Lotion ကိုသုံးပါ။

ရေချိုးခန်းထဲမှာထားတာ

ရေချိုးခန်းထဲမှာ တခြားအလှကုန်ပစ္စည်းတွေထားတာက အဆင်ပြေနိုင်ပေမယ့် ရေမွှေးကိုတော့ ခြောက်သွေ့တဲ့နေရာမှာ သိမ်းသင့်ပါတယ်။

ခနခနဖြန်းတာ

မနက်ပိုင်းမှာ ရေမွှေးကို ဖြန်းထားပေမယ့် တစ်နာရီအကြာမှာ အနံ့မရတော့ဘူးလို့ခံစားရတာက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ တကယ်က အနံ့ပျောက်သွားတာမဟုတ်ပါဘူး။ သင့်နှာခေါင်းက အနံ့ယဥ်သွားလို့ပါ။ တကယ်လို့စိတ်ထဲမှာ အနံ့လုံးဝမရတော့ဘူးလို့ခံစားနေရင်တော့ ညနေဘက်မှာတစ်ခေါက်လောက် ထပ်ဖြန်းပေးပါ။

နေရောင်ထဲမှာသိမ်းတာ

လူတော်တော်များများက သူတို့ရဲ့ ရေမွှေးတွေကိုပုလင်းတွေကို သိမ်းတဲ့အခါ နေပူထဲမှာ ၊ ပူတဲ့နေရာမှာ ထားမိတတ်ကြပါတယ်။ ရေမွှေးကို အလင်းရောင် ဒါမှမဟုတ် အပူနဲ့ ဝေးဝေးမှာ ထားမှသာ ရေမွှေးအနံ့ကို အကြာကြီး ထိန်းထားနိုင်မှာပါ။