မင်္ဂလာပါ…. ပျိုမဒီတို့ရေ…အချိန်တွေ ဓလေ့ထုံးတမ်းတွေသာပြောင်းလဲသွားကြပေမယ့် ပန်းတွေနဲ့လူသားတွေရဲ့ဆက်နွယ်မှုက ဘယ်တော့မှမပြောင်းလဲဘဲ  လူ့သမိုင်းတစ်လျှောက်မှာ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေဆဲပါဘဲ။

ပန်းလက်ဆောင်ပေးတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်ဆံရေးကို ခိုင်မြဲစေဖို့ပါ။ ချစ်ခြင်းမေတ္တာ၊ စာနာမှု၊ နောင်တနဲ့  လေးမြတ်မှုစတာတွေကို ကိုယ်စားပြုဖို့ ပန်းတွေကို ကမ္ဘာတစ်ဝှမ်းလုံးမှာ မတူညီတဲ့ အဓိပ္ပါယ်တွေနဲ့ အခုချိန်ထိ အသုံးပြုနေကြဆဲပါ။

ဒါကြောင့် ဘယ်နိုင်ငံတွေက ပန်းလက်ဆောင်ပေးတဲ့အခါ ဘယ်လိုအဓိပ္ပာယ်တွေနဲ့ပေးလေ့ရှိလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

ဂျပန်

နှစ်ပတ်လည်နေ့၊ မွေးဖွားခြင်း၊ ဘွဲ့နှင်းသဘင်အခမ်းအနားများနဲ့ အိမ်ပြောင်းတာလိုမျိုး လူမှုရေးတာဝန်ဝတ္တရားများအတွက်လည်း ပန်းလက်ဆောင်ပေးလေ့ရှိပါတယ်။ ပန်းလက်ဆောင်ပေးတဲ့အခါ အနီရောင်ပန်းတွေက အပြုသဘောဆောင်တယ်လို့ အဓိပ္ပါယ်သတ်မှတ်ထားကြတာကြောင့်  ဂျပန်ယဉ်ကျေးမှုမှာ  အနီရောင်ပန်းတွေက ရေပန်းစားပါတယ်။

တရုတ်

တရုတ်နိုင်ငံမှာ လေးစားမှု၊ ကျေးဇူးတင်မှု၊ ခင်မင်မှု၊ မေတ္တာနဲ့  ဧည့်ဝတ်ပြုမှုတို့ကို ပြသဖို့ ပန်းလက်ဆောင်ပေးခြင်းကို ကျင့်သုံးကြပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အဖြူရောင်ပန်းများ ဂန္ဓမာပန်းမျာက ဝမ်းနည်းခြင်းလို့ အဓိပ္ပါယ်သတ်မှတ်ထားကြတာကြောင့်အသုဘအခမ်းအနားများ သို့မဟုတ် သင်္ချိုင်းသို့လာရောက်တဲ့အခါမျိုးတွေမှာသာ သုံးလေ့ရှိပါတယ်။

အီဂျစ်

နှင်းဆီပန်းများကို အီဂျစ်ယဉ်ကျေးမှုနဲ့  သမိုင်းမှာ မကြာခဏ တွေ့ရလေ့ရှိပြီး တစ်ယောက်ယောက်ကို အရမ်းချစ်မြတ်နိုးတဲ့အခါမျိုးတွေမှာ နှင်းဆီကို အသုံးပြုလေ့ရှိပါတယ်။ Water Lilies ၊ နှင်းဆီ ၊ ဂန္ဓမာတို့က ရေပန်းစားတဲ့ပန်းတွေဖြစ်တာကြောင့် လက်ဆောင်ပေးဖို့ ရွေးချယ်လေ့ရှိပါတယ်။

ဂါနာ

ပန်းများကို လက်ဆောင်အဖြစ် အမြဲကြိုဆိုလေ့ရှိတဲ့ဂါနာမှာတော့ ပန်းများကို အဓိပ္ပာယ်အမျိုးမျိုးနဲ့ပေးလေ့ရှိပါတယ်။ ချစ်ခြင်းမေတ္တာအတွက် နှင်းဆီနီ ပျော်ရွှင်မှုအတွက် နှင်းဆီအဝါရောင်    အပြစ်ကင်းစင်မှုနဲ့  ရွှင်လန်းမှုအတွက် Daisies ၊ အလှကို ကိုယ်စားပြုဖို့အတွက် Calla Lilies နဲ့ သစ္စာရှိမှု အသက်ရှည်ဖို့အတွက်ဆို နေကြာပန်းကို လက်ဆောင်ပေးလေ့ရှိပါတယ်။

ရရှား

ပန်းတွေကို ဘုံလက်ဆောင်တစ်ခုအနေနဲ့ပေးရတာနှစ်သက်တဲ့ နောက်ထပ်လူမျိုးကတော့ ရှရှားပါ။  ပန်းတွေက အချစ်နဲ့ ဆက်နွယ်နေတာကြောင့် ချစ်သူတွေချိန်းတွေ့တဲ့ဓလေ့မှာ ပန်းတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ထမဆုံးချိန်းတွေ့တဲ့နေ့မှာ  နှင်းဆီတစ်ပွင့် သို့မဟုတ် ဒေစီပန်းအကြီးကြီးပေးလိုက်ပါ။ အဖြူ၊ ပန်းရောင် သို့မဟုတ် အပြာနုရောင်တို့လို သိမ်မွေ့တဲ့ပန်းတွေက  အမျိုးသမီးများအတွက် သင့်တော်ပါတယ်။ လိမ္မော်ရောင်၊ အဖြူ နဲ့  အဝါရောင်ပန်းတွေက ဘယ်သူ့ကိုမဆိုပေးလို့ရပေမယ့် အဝါရောင်ပန်းတွေက ခွဲခွာခြင်း သို့မဟုတ် လမ်းခွဲခြင်းကို အဓိပ္ပာယ်သတ်မှတ်ထားကြောင့် အဝါရောင်ပန်းတွေကို အချစ်ရေးမှာတော့ မပေးသင့်ပါဘူး။