လူရယ်လို့ဖြစ်လာရင် နောင်တနဲ့ကင်းတဲ့လူဆိုတာ မရှိကြပါဘူး။ အရင်တုန်းကလုပ်မိခဲ့တဲ့ အပြစ်တွေ၊ စိတ်ပျက်စရာတွေ ၊ ဝမ်းနည်းစရာတွေကို တစ်ခါတစ်လေမှာ ထပ်ခါထပ်ခါတွေးနေမိတတ်ကြပါတယ်။ အရင်ကဟာတွေကို ပြန်တွေပြီး နောင်တရနေမယ့်အစား ယခုလက်ရှိအချိန်ကာလမှာ အကောင်းဆုံးနေထိုင်ဖို့က ပိုအရေးကြီးတာပါ။ ဒါကြောင့် နောင်တရတာတွေကိုကျော်ဖြတ်ပြီး လက်ရှိအခိုက်အတန့်မှာ ပျော်ရွှင်နိုင်ဖို့ ကူညီနိုင်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁.ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။
ငါဘာလို့အကောင်းဆုံးမလုပ်ခဲ့တာလဲ? ၊ ငါဘာလို့ကိုယ့်ဘာသာမရပ်တည်နိုင်ရတာလဲ? ငါဘာလို့ အသုံးမကျရတာလဲ? စသည်ဖြင့် ဘာလို့ဆိုတဲ့မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ပြီး စိတ်ညစ်ခံ နေမယ့် အစား ခွင့်လွှတ်တတ်အောင် ကြိုးစားကြည့်ပါ။ အပြစ်တင်နေမယ့်အစား မင်းတတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ပေးလိုက်ပါ။ ဒီလိုခွင့်လွှတ်ခြင်းက နောင်တရခြင်းကနေ ရှေ့ဆက်ဖို့အတွက် များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။
၂.လက်ရှိအခိုက်အတန့်ကို လက်ခံပါ။
စိတ်ထဲမှာ အတိတ်ကိုပြန်ကြည့်ရင်းနဲ့ မတူညီတဲ့ရလဒ်ကို စိတ်ကူးယဉ်မိတဲ့အချိန်တွေလည်း ရှိပါသေးတယ်။ ရုပ်ရှင်ဟောင်းကို ကြည့်ရသလိုပါပဲ။ အခုရောက်နေတဲ့ ပစ္စုပ္ပန်အခိုက်အတန့်က အမှန်တရားပါ။ မတူညီတဲ့ ပစ္စုပ္ပန်အခိုက်အတန့်ကို ရောက်ဖို့ အတိတ်ကိုပြင်ချင်ရင် ဘယ်လောက်ပဲ ပြင်ချင်နေပါစေ ဖြစ်လာမှာမဟုတ်ဘူး။ ဒါဆို ဘာလို့ စိတ်ကူးယဉ်နေမှာလဲ? ဘယ်လိုပုံစံပဲဖြစ်ဖြစ် လက်ရှိအခိုက်အတန့်ကို လက်ခံလိုက်ပါ။ လက်ရှိကို မြန်မြန်လက်ခံလေ ပိုပြီးပြည့်စုံစွာ နေထိုင်နိုင်လေပါပဲ။
၃.သင်ဘာလုပ်နိုင်လဲပေါ်မူတည်ပြီး သင့်ရဲ့စွမ်းဆောင်ရည်ကိုတည်ဆောက်ပါ
တစ်ခါတစ်လေမှာ တချို့ကိစ္စတွေကြောင့် နောင်တရပြီး စိတ်ဓာတ်ကျနေတဲ့အချိန်မှာ မျှော်လင့်ချက်မဲ့နေပြီလို့ ထိုင်တွေးနေမယ့်အစား ပိုကောင်းအောင် ငါခုဘယ်လိုလုပ်ရမလဲလို့ တွေးလိုက်ပါ။ထိန်းချုပ်လို့မရတဲ့အရာတွေကို တွေးပူနေမယ့်စား အခြေအနေတိုးတက်ကောင်းမွန်လာစေဖို့ကိုဘဲ အာရုံစိုက်လိုက်ပါ။ အခြေအနေတွေကိုပြောင်းလဲဖို့ မတတ်နိုင်ခဲ့ရင်တောင်မှ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနိုင်ပါသေးတယ်။
၄.အပြုသဘောဆောင်တဲ့ အရာတွေကိုရှာကြည့်ပါ
နောင်တတွေပိုရလာလေလေ သင့်ရဲ့စိတ်ထဲမှာ သင်မဖြေရှင်းနိုင်တော့ဘူးလို့ ထင်လေလေမလား? အတွေးတစ်ခုကို ချိုးနှိမ်ဖို့ပိုကြိုးစားလေ၊ အဲဒါက ပြန်ပြန်လာပြီး စိတ်ထဲမှာစွဲမြဲနေလေလေပါပဲ။ ဒီလိုနဲ့ နောင်တကို မကျော်ဖြတ်နိုင်တော့ဘဲ အရာရာကို အဆိုးဘက်ကနေမြင်လာတတ်ကြပါတယ်။ တကယ်တော့ အရာရာကိုအကောင်းမြင်တတ်တာက ကျန်းမာပြီး ပျော်ရွှင်ရတဲ့ဘဝတစ်ခုရဖို့အတွက် အဓိက သော့ချက်ပါ။ “အဆိုးမြင်ခြင်း” ကြောင့် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မယ့်အစား အပြုသဘောဆောင်တဲ့ အတွေ့အကြုံတွေ၊ အရာတွေ၊ လူတွေနဲ့ ထိတွေ့လိုက်ပါ။
၅.သေချာစဥ်းစားပြီးမှ ဆုံးဖြတ်ချက်ချပါ
နောက်ဆုံးအနေနဲ့ ပြုလုပ်ရာမှာက ဆုံးဖြတ်ချက်တွေချတဲ့အခါ အရင်ကလိုအမှားမျိုးမလုပ်မိအောင် နောင်တမရဖို့အတွက် သေချာတဲ့ရွေးချယ်မှုတွေပြုလုပ်ဖို့ပါပဲ။ သေချာစဥ်းစားပြီးမှ ဆုံးဖြတ်တဲ့အခါ ရလာတဲ့ရလဒ်က မှန်ကန်ပြီး ပျော်ရွှင်မှုကိုရစေနိုင်ပါတယ်။ ငါလုပ်နိုင်တယ် အကောင်းဆုံးဆုံးဖြတ်ချက်ကို ငါချနိုင်ခဲ့တယ်လို့ ခံယူထားတာမလို့ အမှားအယွင်းအနည်းငယ်ဖြစ်ခဲ့ရင်တောင် နောင်တမရဘဲ ရှေ့ဆက်ကြိုးစားလို့ရနိုင်ပါသေးတယ်။