လူတစ်ယောက်ရဲ့ အပြုအမူတွေကို ကြည့်တာနဲ့တင် ဒီလူက ရိုင်းတဲ့သူလား၊ ယဉ်ကျေးတဲ့သူလား၊ လူမှုဆက်ဆံရေးညံ့ဖျင်းတဲ့သူလား၊ ကောင်းတဲ့သူလားဆိုတာ တန်းသိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အပြုအမူတိုင်းက ကိုယ့်အတွက် အရမ်းအရေးကြီးပါတယ်။ သူများအမြင်မှာ ရိုင်းတဲ့သူတစ်ယောက် ဖြစ်သွားလို့ ကိုယ့်အတွက်ကောင်းတာ ဘာတစ်ခုမှမရှိပါဘူး။ ဒါကြောင့် ကိုယ်က ရိုင်းတဲ့သူတစ်ယောက် မဖြစ်အောင် ဆင်ခြင်နိုင်ဖို့အတွက် သူများနဲ့စကားပြောနေတဲ့အချိန်မှာ လုံးဝမပြုလုပ်သင့်တဲ့ ရိုင်းစိုင်းသောအပြုအမူတွေကို ပြောပြပေးလိုက်ပါတယ်။
စကားဖြတ်ပြောခြင်း
အရိုင်းစိုင်းဆုံးနဲ့ လူတကာအမြင်ကပ်တဲ့ အပြုအမူကတော့ သူများစကားပြောနေတဲ့အချိန်မှာ စကားဖြတ်ပြောတာပါပဲ။ လုံးဝမလုပ်သင့်ပါဘူး။ ကိုယ်ပြောချင်တာရှိရင်တောင် တစ်ဖက်လူပြောတာကို အရင်ဆုံးအောင်နားထောင်ပါ။ ပြီးမှ ကိုယ်ပြောချင်တာကိုပြောပါ။ သူများပြောနေချိန် မဆိုင်တာတွေထပြောပြီး စကားလမ်းကြောင်းလွှဲတာတွေလည်း မလုပ်သင့်ပါဘူး။
ဖုန်းပြောခြင်း
သူများနဲ့စကားပြောနေချိန်မှာ မပြောမဆိုနဲ့ ဖုန်းထခေါ်တာမျိုး၊ ဖုန်းလာလို့ ပြောတာမျိုး မလုပ်ရပါဘူး။ ဒါလည်း ရိုင်းစိုင်းတဲ့အပြုအမူပါပဲ။ ကိုယ်နဲ့စကားပြောနေတဲ့သူကို respect ထားတဲ့အနေနဲ့ ခွင့်တောင်းပြီးမှ ဖုန်းပြောတာမျိုးပဲ လုပ်သင့်ပါတယ်။
အာရုံမစိုက်တဲ့အပြုအမူတွေလုပ်ခြင်း
တစ်ဖက်လူပြောတဲ့စကားကို ကိုယ့်အနေနဲ့ စိတ်မဝင်စားရင်တောင်မှ အာရုံမစိုက်၊ ဂရုမစိုက်ပဲ စိတ်ရှုပ်သလိုပုံစံတွေ မလုပ်သင့်ပါဘူး။ သူများပြောနေချိန်မှာ ဂရုမစိုက်ပဲ ကိုယ်လုပ်ချင်တာတွေ လုပ်နေတာမျိုးကလည်း အရမ်းရိုင်းပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့သူတွေ၊ အထက်လူကြီး၊ အလုပ်ကိစ္စတွေ စကားပြောတဲ့အခါမှာ အကြည့်ချင်းဆုံပြီး သူပြောတာကို စိတ်ဝင်စားတဲ့ပုံစံမျိုး ပြပေးရမှာပါ။
အောဟစ်ဆဲဆိုခြင်း
စကားပြောတဲ့အခါ ကောင်းကောင်းမပြောပဲ အော်ဟစ်ပြောဆိုတာတွေက စရိုက်ဆန်တယ်လို့ အထင်ခံရပါတယ်။ ဘယ်လောက်စိတ်ဆိုးဆိုး အော်ဟစ်ဆဲဆိုတာမျိုးတွေလည်း မပြုလုပ်သင့်ပါဘူး။
ရုတ်တရက်ထထွက်သွားခြင်း
သူများစကားပြောနေချိန်မှာ ဘာမှမပြောမဆိုနဲ့ ရုတ်တရက်ကြီး ထထွက်သွားတာမျိုးကို အရမ်းကို ရိုင်းစိုင်းတဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ လုံးဝမပြုလုပ်သင့်ပါဘူး။ အရေးကြီးနေရင်တောင်မှ အသိပေးတာ၊ ခွင့်တောင်းတာမျိုး လုပ်ပြီးမှသာ သွားသင့်ပါတယ်။