အဝတ်အစားတွေ ပျက်စီးအောင် သင်ကိုယ်တိုင်လုပ်နေမိတဲ့ အမှားတွေကို ပြောပြပေးလိုက်ပါတယ်။ အဝတ်အစားအကောင်းတွေလည်း ကြာရှည်မခံဘူး၊ ပျက်စီးကုန်တယ်၊ ဆွေးကုန်တယ်ဆိုတာက ကိုယ့်ရဲ့ထိန်းသိမ်းတဲ့အပေါ်မှာလည်း မူတည်သလို ကိုယ်မသိပဲ လုပ်လိုက်မိတာတွေကြောင့်လည်း ပျက်စီးကုန်တာမျိုး ရှိပါတယ်။
ရေမွှေးဆွတ်ခြင်း
အင်္ကျီကို ရေမွှေးတိုက်ရိုက်ဆွတ်တာက အင်္ကျီမှာ စွန်းထင်းတာမျိုး၊ အကွက်လိုက်ပြီး ဖြစ်ပြီး ကျန်ခဲ့မျိုး၊ အဖြူဆိုရင် အဝါရောင်စွန်းထင်းတာမျိုးတွေ ဖြစ်သွားပါတယ်။
အရောင်အရင့်တွေကိုအတည့်အတိုင်းလျှော်ခြင်း
အရောင်အရင့် အဝတ်အစားတွေကို အဝတ်လျှော်စက်ထဲ ထည့်လျှော်မယ်ဆိုရင် ပြောင်းပြန်လှန်ပြီး လျှော်ပေးပါ။ အတည့်အတိုင်းလျှော်တာက အဝတ်အစားနဲ့ အရောင် ပျက်စီးစေပါတယ်။
ဂျင်းကိုခဏခဏလျှော်ခြင်း
ဂျင်းကို တစ်ခါဝတ်တစ်ခါလျှော် မလုပ်ပါနဲ့။ ဂျင်းသားပျက်စီးစေပါတယ်။ ဒါကြောင့် ဝတ်ပြီးရင် နေထုတ်လှမ်းပါ။ ပြီးရင် ပြန်ဝတ်ပါ။ နေထုတ်လှမ်းတဲ့အခါမှာလည်း ပြောင်းပြန်လှန်ပြီး လှမ်းပေးပါ။ ဂျင်းကို ဝတ်တိုင်းမလျှော်ပဲ တစ်ခါတစ်လေမှ ၂ ခါ၊ ၃ ခါလောက် ဝတ်ပြီးမှ လျှော်ပေးပါ။
အဝတ်ကိုအချိန်အကြာကြီးစိမ်ထားခြင်း
အဝတ်ကို အချိန်အကြာကြီးစိမ်ထားတာက အဝတ်အစား ပျက်စီးပြီး ဆွေးတာမျိုး ဖြစ်စေပါတယ်။ အရောင်လည်း ကျွတ်စေပါတယ်။ ဒါကြောင့် ဇာဆိုရင် ၃ မိနစ်ထက် ပိုမစိမ်ပါနဲ့။ ပိုးချည်တွေဆိုရင် မိနစ် ၃၀ ထက် ပိုမစိမ်ပါနဲ့။ တခြား အထည်တွေဆိုရင် ၁ နာရီထက်ပိုပြီး မစိမ်ပါနဲ့။
တီရှပ်ချွတ်တဲ့အခါ
တီရှပ်ချွတ်တဲ့အခါမှာ လည်ပင်းနေရာကို လက်နှစ်ဖက်ကနေကိုင်ပြီး ဆွဲချွတ်တာမျိုးတွေ မလုပ်ပါနဲ့။ အင်္ကျီပိုကျယ်သွားပါလိမ့်မယ်။ ဒါကြောင့် အင်္ကျီအောက်နားကနေ ကိုင်ပြီးချွတ်ပါ။
ထူတဲ့အသားနဲ့ပါးတဲ့အသားကိုရောမလျှော်ပါနဲ့
အဝတ်အစားတွေကို အဝတ်လျှော်စက်နဲ့ လျှော်မယ်ဆိုရင် ထူတဲ့အသားနဲ့ ပါးတဲ့အသားကို ရောမလျှောက်ပါနဲ့။ ပါးတဲ့အဝတ်တွေ ပျက်စီးစေပါတယ်။ နောက်တစ်ခုကတော့ လိုင်းစင်းအရောင်စပ်ထားတဲ့ အဝတ်အစားတွေကို ဗြောင်အဝတ်အစားတွေနဲ့ ရောမလျှော်ပါနဲ့။ အရောင်ပြန့်တာတွေ ဖြစ်တတ်ပါတယ်။