ပူအိုက်လွန်းတဲ့ရာသီကြောင့် ဂျိုင်းချွေးအထွက်များပြီး ဂျိုင်းသားညိုမဲလာသလို ခံစားနေရတဲ့သူတွေရှိလား။ ဂျိုင်းညိုမဲလာတဲ့အခါ လက်တို၊လက်ပြတ်အင်္ကျီလေးတွေဝတ်ရတာ သက်တောင့်သက်သာမရှိဖြစ်တတ်ပါတယ်။ နွေရာသီမှာ ချွေးနဲ့ အညစ်အကြေးတွေကြောင့် ချွေးပေါက်ပိတ်တာ၊ မကြာခဏ ဂျိုင်းမွှေးရိတ် Waxing လုပ်တာနဲ့ ရေဓာတ်ခန်းခြောက်တာတွေကတစ်ဆင့် ဂျိုင်းသားတွေညိုမဲလာတတ်ပြီး သေချာပြန်မထိန်းသိမ်းဘဲ ထားတဲ့အခါ အရောင်စွဲပြီး တော်ရုံနဲ့ပြန်မဖြူတော့တာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ပျိုမေတို့အတွက် ဂျိုင်းညိုမဲခြင်းသက်သာဖို့ ပြုလုပ်ပေးသင့်တဲ့ ထိန်းသိမ်းနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မှန်ကန်တဲ့ Deodorant ပစ္စည်းတွေအသုံးပြုဖို့လိုပါတယ်


ဂျိုင်းချွေးနံ့ပျောက်ဖို့ Deodarant သုံးတဲ့အခါ Alcohal နဲ့ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့ ပစ္စည်းတွေကို ရွေးချယ်ပေးဖို့လိုပါတယ်။ အသားအရေညိုမဲခြင်း သက်သာစေတဲ့ Vitamin B3 ၊ Vitamin E နဲ့ Glycerine စတဲ့အာနိသင်တွေပါဝင်ပြီး ပေ့ါပေါ့ပါးပါးနဲ့ အစိုဓာတ်လည်းရစေမယ့် ထုတ်ကုန်တွေကိုသာ အသုံးပြုပေးပါ။

၂။ ဂျိုင်းမွှေး ခဏခဏ ရိတ်တာ Waxing လုပ်တာကိုရှောင်ပါ


ဂျိုင်းမွှေးရိတ်တာ၊ Waxing လုပ်တာက ဂျိုင်းမွှေးဖယ်ရှားဖို့ ထိရောက်တဲ့နည်းတွေဖြစ်ပေမယ့် ခဏခဏလုပ်ဖန်များအခါ ရိတ်စက်ရဲ့ဓားသွားနဲ့ပွတ်တိုက်မှုများတာ၊ Wax အပူလောင်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါက တဖြည်းဖြည်းနဲ့ အသားနီမြန်းပြီး ညိုမဲလာစေတာကြောင့် ခဏခဏ ဂျိုင်းမွှေးရိတ် Wax လုပ်တာကိုရှောင်ပေးပါ။

၃။ ဂျိုင်းအသားအရေ အစိုဓာတ်ဖြည့်ပါ


သင့်မျက်နှာအတွက်တင်မဟုတ်ဘဲ ဂျိုင်းကြားအသားအရေအတွက်လည်း အစိုဓာတ်လိုအပ်ပါတယ်နော်။ ဒါကြောင့် စိမ့်ဝင်မှုကောင်းပြီး ရေဓာတ်ဖြည့်ပေးနိုင်မယ့် Hyaluronic Acid ပါဝင်တဲ့ အစိုဓာတ်ဖြည့် Moisturizer အချို့ကို အသုံးပြုပေးသင့်ပါတယ်။

၄။ ခပ်ချောင်ချောင်အဝတ်တွေ ဝတ်ပေးပါ


ဒီလိုပူတဲ့ရာသီတွေမှာ ဂျိုင်းချွေးအရမ်းမထွက်အောင် ချည်သားအင်္ကျီတွေလို ခပ်ချောင်ချောင်နဲ့ အသားအေးတဲ့ ပေါ့ပေါ့ပါးပါးအဝတ်လေးတွေ ရွေးချယ်ဝတ်ပေးဖို့လည်းလိုပါတယ်။ ဒါက အင်္ကျီအကျပ်တွေကြောင့် အသားအရေပွတ်တိုက်မှုများပြီး ညိုမဲတာ၊ ချွေးအရမ်းထွက်တာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်စေမှာပါ။

၅။ ရေဓာတ်ဖြည့်ပေးပါ


အသားအရေခြောက်သွေ့ပျက်စီးနေတဲ့အခါ အရေပြားကြမ်းတမ်းပြီး အရောင်မွဲညစ်လွယ်ပါတယ်။ ဒါကြောင့် အစိုဓာတ်ရဖို့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းတစ်ခုဖြစ်တဲ့ ရေလုံလုံလောက်လောက်သောက်ခြင်းကို မဖြစ်မနေပြုလုပ်ပေးပါ။

၆။ ဂျိုင်းသားကို Exfoliate လုပ်ပေးပါ


မလိုအပ်တဲ့ အညစ်အကြေးနဲ့ ဆဲလ်သေတွေဖယ်ရှားဖို့ သင့်ဂျိုင်းကြားအသားအရေကို တစ်ပတ်တစ်ကြိမ်လောက် ပုံမှန် Exfoliate လုပ်ပြီး သန့်စင်ပေးဖို့လိုပါတယ်။

၇။ ချွေးထွက်မလွန်အောင်နေပါ

ပူအိုက်တဲ့ရာသီမှာ ဂျိုင်းနံ့ထွက်တာ၊ ဂျိုင်းမဲတာတွေသက်သာစေဖို့ ချွေးထွက်များစေတဲ့ အပူအစပ် အစားအသောက်တွေစားတာ၊ နေ့လည်ခင်း အားကစားလုပ်တာမျိုးတွေကို ရှောင်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar