ကိုယ့်မှာဝင်ငွေအလုံအလောက်ရှိရက်နဲ့ ငွေရေးကြေးရေးပိုင်းမှာ အဆင်မပြေဖြစ်နေတယ်၊ စိတ်ညစ်နေရတယ်၊ ပိုက်ဆံကြောင့် စိတ်ဖိစီးပြီး မပျော်ရွှင်နိုင်ဖြစ်နေရတယ်ဆိုရင်တော့ ဒီအမှားတွေကို လုပ်နေမိလို့ပဲဖြစ်မှာပါ။
သေချာစီမံပြီးစာရင်းမလုပ်ခြင်း
လစာရတာနဲ့ ကိုယ့်ဝင်ငွေကို သေချာ plan ဆွဲပြီး စီမံတတ်ဖို့လိုပါတယ်။ သေချာစာရင်းလုပ်ပြီးစီမံမှ ဝင်ငွေထွက်ငွေ ချိန်လို့ရပြီး ကိုယ်ဘာတွေသုံးမိနေလဲ၊ ဘာကြောင့် ငွေတွေကုန်လဲဆိုတာကိုသိပြီး ဆင်ခြင်လို့ရမှာပါ။ မဟုတ်ရင်တော့ ဘာကြောင့်ကုန်သွားမှန်းမသိ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ပိုက်ဆံရပြီဆိုရင် တစ်လစာအသုံးစရိတ်ဖယ်တာ၊ စုဖို့ဖယ်တာ၊ အရေးပေါ်အသုံးစရိတ် ဖယ်တာမျိုးတွေနဲ့ သေချာခွဲခြမ်းပြီး စီမံသင့်ပါတယ်။ ကိုယ်သုံးသမျှကိုလည်း အမြဲစာရင်းမှတ်ထားပါ။
Limit မရှိသုံးခြင်း
ဟိုဟာမြင်လည်းဝယ်၊ ဒီဟာမြင်လည်းဝယ်နဲ့ လိုချင်တာရှိတိုင်း မစဉ်းစားမဆင်ခြင်ပဲဝယ်နေတာ၊ ရရင်ရသလောက်ကို limit မရှိပဲ သုံးနေတာမျိုးတွေကြောင့်လည်း ပိုက်ဆံက ဘယ်လောက်ရရကိုမလောက်တာ၊ ဘယ်လောက်ရှာရှာ ပိုက်ဆံမရှိဘူး ဖြစ်နေတာပါ။ ဒီလိုမျိုးတွေကြောင့် သူများထက်လည်း ကိုယ်ကတိုးတက်တာ နောက်ကျနေပါလိမ့်မယ်။ အရင်အနှီးလုပ်မယ်၊ စီးပွားလုပ်မယ်ဆိုရင်တောင်မှ ကိုယ့်လက်ထဲ တစ်ပြားမှရှိနေမှာ မဟုတ်ပါဘူး။
အရေးပေါ်သုံးဖို့မထားခြင်း
ရသမျှအကုန်သုံးဖြုန်းနေရင် တစ်ခုခုဆို ကိုယ့်လက်ထဲမှာ စုမိဆောင်းမိထားတဲ့ငွေ ရှိမှာမဟုတ်ပါဘူး။ ကျန်းမာရေး၊ လူမှုရေးနဲ့ အရေးအကြာင်း တစ်ခုခုဆို ထုတ်သုံးလို့ရအောင် အရေးပေါ်သုံးဖို့ငွေကို လတိုင်း ဝင်ငွေထဲကနေ နည်းနည်းစီ ဖယ်ထားသင့်ပါတယ်။ ဒါမှ ပိုက်ဆံအတွက်နဲ့ စိတ်မဆင်းရဲရမှာပါ။ တော်တော်များများက အရေးပေါ်သုံးဖို့ငွေကို ဖယ်ထားဖို့ မေ့နေတတ်ကြပါတယ်။
ပိုက်ဆံမစုခြင်း
အဆိုးဆုံးကတော့ ဝင်ငွေရှိသလောက် ပိုက်ဆံမစုတာပါပဲ။ ရသလောက်သုံး၊ ကိုယ်သုံးချင်တာသုံးပြီးမှ ပိုတာလေးစုမယ်ဆိုရင် ဖြစ်မြောက်အောင် စုဖြစ်မှာ မဟုတ်ပါဘူး။ ဝင်ငွေရဲ့ ဘယ်လောက်ကိုတော့ စုမယ်၊ ဘယ်လောက်ကိုတော့ သုံးဖို့ဖယ်ထားမယ်ဆိုပြီး အစထဲက သတ်မှတ်ထားမှ အဆင်ပြေမှာပါ။ ပိုက်ဆံသေချာစုဖြစ်လာတဲ့အခါမှာတော့ အရာရာကိုလည်း ချွေတာတတ်လာပါလိမ့်မယ်။