စိတ်ကအရမ်းအိပ်ချင်နေပေမယ့် တော်ရုံနဲ့အိပ်မပျော်တာမျိုး ဖြစ်တဲ့သူတွေရှိမှာပါ။ ဒါကို ကြိုးစားပြီးမအိပ်ပဲ အိပ်မပျော်လို့ဆိုပြီး ဖုန်းသုံးလိုက်ရင်တော့ မျက်စိကြောင်ပြီး ပိုဆိုးသွားမှာပါ။ ဒါကြောင့် အိပ်ချင်စိတ်ဖြစ်နေပေမယ့် တော်ရုံနဲ့ အိပ်မပျော်တတ်တဲ့သူတွေအတွက် မြန်မြန်အိပ်ပျော်နိုင်ဖို့ ကူညီပေးမယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးလိုက်ပါတယ်။
အိပ်ချင်လာမှ ဖုန်းသုံးနေတာကိုချပြီး အိပ်တာမျိုးမလုပ်ပါနဲ့။ တော်ရုံနဲ့အိပ်မပျော်တော့ပါဘူး။ ဒါကြောင့် အချိန်သတ်မှတ်ပြီး စောစောအိပ်ယာဝင်ပါ။ အကောင်းဆုံးကတော့ ၁၀ နာရီ၊ ၁၀ နာရီခွဲအတွင်းမှာ အိပ်ယာဝင်တာ အကောင်းဆုံးပါပဲ။
အိပ်ယာဝင်ပေမယ့် မအိပ်ချင်သေးရင် တရားထိုင်လိုက်ပါ။ ဘုရားစင်ရှေ့မထိုင်ဖြစ်လည်း အိပ်ယာပေါ်မှာပဲ တရားထိုင်လိုက်ပါ။ ၁၅ မိနစ်လောက်ရအောင် ထိုင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။
တရားထိုင်ပြီးရင် ဖုန်းကိုအဝေးမှာထားပါ။ မီးကိုအမှောင်ချပါ။ ဒါမှမဟုတ်လည်း မှိန်မှိန်လေးပဲ ထွန်းထားပါ။ ပြီးရင်တော့ အိပ်မပျော်သေးလည်း မျက်စိမှိတ်ထားလိုက်ပါ။ အိပ်ပျော်ဖို့ခက်နေရင် မြန်မြန်အိပ်ပျော်အောင်ကူညီပေးမယ့် သံစဉ်လေးတွေ၊ သီချင်းလေးတွေ youtube မှာရှာကြည့်ပြီး ကိုယ်ကြားရုံလောက်ပဲ အသံချဲ့ပြီး ဖွင့်ထားပါ။ အဲ့တာကိုနားထောင်ပြီး မျက်စိမှိတ်ထားပါ။ အိပ်ပျော်သွားပါလိမ့်မယ်။
နောက်ထပ်အရေးကြီးတာတစ်ခုကတော့ အတွေးနယ်မချဲ့ပါနဲ့။ တော်တော်များများက အိပ်ပြီဆိုရင် အတွေးနယ်ချဲ့ပြီး လျှောက်တွေးနေတတ်ပါတယ်။ တွေးနေရင် တော်ရုံနဲ့အိပ်မပျော်တော့ပါဘူး။ ဒါကြောင့် ဘာမှမတွေးပါနဲ့။ အိပ်မပျော်ရင် အသက်ကိုရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ ပြီးရင် ၁ ကနေ ၁၀၀ အထိ ရေတွက်နေပါ။ ၁၀၀ မပြည့်ခင် အိပ်ပျော်သွားပါလိမ့်မယ်။
ညနေစောင်းရင် ကော်ဖီ၊ လက်ဖက်ရည် လုံးဝမသောက်ပါနဲ့။ အိပ်ပျော်ဖို့ပိုခက်ပါတယ်။ ညအိပ်ခါနီးမှ ရင်ပြည့်စာတွေ မစားပါနဲ့။ ရင်တောင့်ပြီး အိပ်မပျော်ဖြစ်တတ်ပါတယ်။ ဗိုက်အဆာခံတာမျိုးလည်း မလုပ်ပါနဲ့။ ဗိုက်ဆာရင်လည်း အိပ်မရတော့ပါဘူး။ ညအိပ်ယာဝင်ခါနီး နာရီဝက်၊ တစ်နာရီလောက်အလိုမှာ herbal tea ပူပူလေးတစ်ခွက် သောက်တာပဲဖြစ်ဖြစ်၊ နွားနို့ပူပူလေးတစ်ခွက် သောက်တာပဲဖြစ်ဖြစ် အကျင့်လုပ်ပေးပါ။ ကောင်းမွန်စွာနဲ့ ပိုအိပ်ပျော်စေပါတယ်။