တရုတ်ရိုးရာ သိုင်းပညာရပ်တစ်ခု ဖြစ်တဲ့ ထိုက်ကျိကို လှုပ်ရှားရင်း တရားထိုင်ခြင်း “Mediation in Motion” လို့ ခေါ်လေ့ရှိပါတယ်။ ထိုက်ကျိဟာ သိုင်းလှုပ်ရှားမှုလို့လည်း ဆိုနိုင်သလို ယောဂဆန်တဲ့ ဖြေလျှော့မှုတွေနဲ့ ကိုယ်ကို နွဲ့ပျောင်းအောင် လေ့ကျင့်တာလို့လည်း ပြောကြပါတယ်။

ထိုက်ကျိရဲ့ မူလဇစ်မြစ်ဟာ တာအိုဝါဒနဲ့ ဆက်နွယ်နေပါတယ်။ ဒါကြောင့်ပဲ ထိုက်ကျိလှုပ်ရှားမှုတွေမှာ တာအိုနည်းလမ်းတွေ ပါရှိပါတယ်။ ညင်သာပြီး အာရုံစူးစိုက်မှုထား လှုပ်ရှားရတဲ့ ထိုက်ကျိကစားမှုဟာ စိတ်နဲ့ ရုပ်ခန္ဓာအတွက် အကျိုးများပါတယ်။ ထိုက်ကျိဟာ သင်နဲ့ သင့်ဆန့်ကျင်ဘက်အကြား Harmony ဖြစ်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Photo : iStock

ထိုက်ကျိဟာ သင်နဲ့ တစ်ခြားသူတွေရဲ့ ထက်မြက်တဲ့ သိစိတ်ပေါ် မှီခိုနေတာပါ။ စည်းချက်ကျတဲ့ နည်းလမ်းတစ်ခုမှာ သိမြင်လာနိုင်တဲ့ သင့်အတွင်းစွမ်းအင်ကို ဖွံ့ဖြိုးအောင် လုပ်နေတာပါ။ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ထိုက်ကျိကစားရင် ရမယ့် အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ ကိုယ်နေဟန်ထားမှန်ကန်လာမယ်။ ရုပ်ပိုင်းဆိုင်ရာ ဖြေလျှော့အနားရမယ်။

စွမ်းအင်မြင့်မားလာပြီး ကိုယ်ခံအားစနစ် ပိုကောင်းလာပါမယ်။ ကြွက်သားနဲ့ သွေးလည်ပတ်မှု ပိုကောင်းလာပြီး သွေဖိအားနဲ့ နှလုံးခုန်နှုန်းတွေ လျော့ကျလာမယ်။ အရိုးပွရောဂါကို ကာကွယ်နိုင်ပြီး ခန္ဓာကိုယ်တွင်း ဖြစ်ပျက်မှုတွေကို ပိုခံစားလာနိုင်တာကြောင့် အာဟာရလိုအပ်ချက်တွေကို အလိုလို သိလာနိုင်ပါတယ်။

Photo : NBC News

စိတ်ပိုင်းအနေနဲ့လည်း ဖိစီးမှုနည်းပြီး အာရုံစူးစိုက်မှု ပိုကောင်းလာမယ်။ အာရုံတွေ နိုးကြားပြီး ဖန်တီးနိုင်စွမ်းတွေ တိုးမြင့်လာပါမယ်။ သဘာဝလောကကြီးရဲ့ တစ်စိတ်တစ်ဒေသအဖြစ်လည်း ခံယူလာမိစေနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာပြီး ကိုယ့်အရှိတရားကို လက်ခံစိတ် Self-Acceptance မြင့်မားလာပါလိမ့်မယ်။

သင့်အတွက် အကျိုးမရှိတဲ့ မျှော်လင့်ချက်တွေနဲ့ စိတ်ခံစားမှုတွေကို လွှတ်ချလာနိုင်မှာပါ။ သင့်ကိုယ်တွင်းထဲကို ခံစားမှု ပိုကောင်းလာတာကြောင့် ပိုပြီး စူးစိုက်တည်ငြိမ်မှုအားတွေလည်း ကောင်းလာမှာ ဖြစ်ပါတယ်။