ဝယ်စရာတွေ၊ လုပ်စရာတွေ များတဲ့အခါ ပိုက်ဆံစုနိုင်ဖို့ ခဲယဉ်းလှပါတယ်။ ဒါပေမဲ့ ငွေစုနည်းတွေကို လေ့လာပြီး ဘယ်လိုသုံးစွဲနိုင်မလဲပါ သိလာတဲ့အခါ သင့်အတွက် အရင်ထက် ပိုက်ဆံစုဖို့ လွယ်လာပါလိမ့်မယ်။ ငွေကို ဘယ်လိုစီမံ ခန့်ခွဲရမလဲ ပိုသိလာတဲ့အခါ သင်အရင်ထက် စနစ်ကျသူ ဖြစ်လာပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့ ” ငါ့ပိုက်ဆံတွေ ဘယ်ရောက်သွားတာလဲ”ဆိုတဲ့ စကားမျိုး ထပ်မပြောရလေအောင် ပိုက်ဆံစုနည်းနဲ့ လိုတာမှာပါ သုံးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ကန့်သတ်ချက်ထားပါ

ငွေသုံးတဲ့နေရာမှာ လိုချင်တဲ့အရာနဲ့ လိုအပ်တဲ့ အရာဆိုပြီး နှစ်မျိုး ရှိပါတယ်။ သင့်အနေနဲ့ လိုချင်တဲ့နေရာ၊ လုပ်ချင်တဲ့ အရာတွေမှာပဲ ငွေတွေကို သုံးပစ်တဲ့အခါ ပိုက်ဆံ မစုမိတော့ပါဘူး။ တစ်လမှာ ဘယ်လောက်စုမယ်၊ ဘယ်လောက်သုံးမယ်ဆိုတဲ့ ကန့်သတ်ချက် ထားသင့်ပါတယ်။ ဒီလို ထားလိုက်မှ မလိုအပ်တဲ့ နေရာမှာ မသုံးမိတော့မှာပါ။

၂။ ပိုက်ဆံကို မမြင်နိုင်တဲ့နေရာမှာ ထားပါ

တချို့တွေက ပိုက်ဆံကို မြင်နေရရင် မသုံးဘဲ မနေနိုင်ပါဘူး။ သင်က ကန့်သတ်ချက်နဲ့ ပိုက်ဆံမသုံးနိုင်ဘူးဆိုရင် ပိုက်ဆံကို မမြင်နိုင်တဲ့ နေရာမှာ ထားသင့်ပါတယ်။ ဒါမှမဟုတ် သင် ယူသုံးဖို့ ခက်တဲ့နေရာမှာ ထားသင့်ပါတယ်။ ဥပမာ- သင်ယုံကြည်ရတဲ့ သူတစ်ယောက်ယောက်ဆီမှာ ပိုက်ဆံအပ်ထားတာမျိုး လုပ်သင့်ပါတယ်။

၃။ ငွေတွေကို ဖြန့်ခွဲထားပါ

သင်သာ အဆင်ပြေမယ်ဆိုရင် သင့်ပိုက်ဆံတွေကို တစ်နေရာတည်းမှာ မထားဘဲ ခွဲဖြာထားသင့်ပါတယ်။ ဘဏ်အကောင့်တွေ မျိုးစုံထားပြီး သင် ရတဲ့ ငွေတွေကို ခွဲထည့်ထားသင့်ပါတယ်။ ဒီလိုထည့်ထားတဲ့အခါ ပမာဏ အများကြီး တစ်နေရာထဲမှာ မမြင်ရတာကြောင့် သင်လိုအပ်တဲ့ အရာတွေမှာပဲ ပိုက်ဆံသုံးမိနေပါလိမ့်မယ်။

၄။ တစ်မျိုးတည်းကိုပဲ ဝယ်ပါ

အများစုက ကိုယ်နဲ့ အဆင်ပြေတဲ့ ပစ္စည်း၊ ဝတ်စုံ တစ်ခုခု တွေ့တာနဲ့ ဒီပုံစံကိုပဲ ရေရှည်အတွက် ဆိုပြီး ဆင်တူ သုံးလေးခု ထပ်ဝယ်တတ်ကြပါတယ်။ ဒါက မလိုဘဲ ငွေသုံးခြင်းပါ။ သင့်အနေနဲ့ သင့်အတွက် အဆင်အပြေဆုံး တစ်မျိုးကိုပဲ ရွေးသင့်ပါတယ်။ ဥပမာ- အင်္ကျီလှပေမယ့် သုံးလေးထည် မဝယ်ဘဲ သင်နဲ့ အလိုက်ဖက်ဆုံး အရောင်ကိုပဲ ရွေးတာမျိုးပါ။

၅။ Discount ချတာကို လိုက်ရှာပါ

သင်က တစ်ခုခု ဝယ်မယ်ဆိုရင် ဘယ်နေရာမှာ Discount ချလဲ အရင် လိုက်ရှာသင့်ပါတယ်။ ဒီလိုဆိုရင် ငွေကုန်သက်သာမယ့် အပြင် ပိုက်ဆံပါ တစ်ခါတည်း စုရာ ရောက်ပါတယ်။

၆။ မှတ်တမ်းမှတ်ပါ

တစ်လအတွင်း ဘယ်နေရာမှာ သုံးလိုက်လဲဆိုတဲ့ မှတ်တမ်း တစ်ခု ထားပေးတာက သင့်ငွေစီးကြောင်းကို ပိုနားလည်သွားစေပါတယ်။ ဘယ်နေရာမှာ ပိုက်ဆံပိုသုံးမိနေလဲ သင်နားလည်သွားတဲ့အခါ နောက်လမှာတော့ ဘယ်နေရာမှာ ကန့်သတ်သုံးမလဲ ကြိုစဉ်းစားနိုင်ပါတယ်။

၇။ အကြွေနုတ်လေးတွေကို စုပါ

သင် ပစ္စည်း တစ်မျိုး ဝယ်ပြီးနောက် ပြန်အမ်းလိုက်တဲ့ အကြွေတွေ ရှိမှာပါ။ ဒီအကြွေတွေကို ရက်ပေါင်း များစွာ စုတဲ့အခါ သင်မထင်မှတ်ထားတဲ့ ပမာဏ အထိ ရနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar