မင်္ဂလာပါပျိုမေတို့ရေ။ နေပြင်းတဲ့ နွေရာသီကာလက အချိန်တိုအတွင်း ချွေးထွက်များပြီး ပင်ပန်းလွယ်စေတာမို့ လူအများစုက ပြင်းပြင်းထန်ထန် Workout တွေကို ပူအိုက်တဲ့ရာသီမှာ သိပ်မလုပ်ချင်ကြပါဘူး။ သင်ကိုယ်တိုင်ကလည်း ဝိတ်ကျချင်ပေမယ့် အရမ်းပူလို့ လေ့ကျင့်ခန်းသိပ်မလုပ်ဖြစ်ဘူးဆိုရင် ဒီဆောင်းပါးမှာပါတဲ့ နည်းလမ်းတွေကို စမ်းကြည့်ဖို့ပြောချင်ပါတယ်။ Weight Loss Trainer တွေကိုယ်တိုင် အကြံပြုထားတဲ့နည်းတွေဖြစ်တဲ့အပြင် ပေါ့ပေါ့ပါးပါးပြုလုပ်နိုင်ပြီး Motivation ပါရစေမယ့်နည်းတွေ ဖြစ်တာကြောင့် နွေရာသီအတွင်း ကိုယ်အလေးချိန် ၂၀ လောက်အထိကျသွားချင်တဲ့သူတွေ လုပ်ကြည့်ဖို့မမေ့ပါနဲ့နော်။

၁။ ညပိုင်းတွေမှာ သရေစာမုန့်စားတာကိုရှောင်ပါ


ပူတဲ့ရာသီက စောစောအိပ်ရာဝင်ဖို့ခက်သလို ညဘက်တစ်ရေးနိုးဗိုက်ဆာတာမျိုးလည်း ခဏခဏ ကြုံရတတ်ပါတယ်။ ဒီလိုနဲ့ အဆီများပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ သရေစာတွေစားမိတဲ့အခါ သင့်ကိုပိုဝိတ်တက်လာစေတာကြောင့် ညဘက်နောက်ကျမှ စားတာမျိုးကိုရှောင်ပေးပါ။

၂။ မနက်စောစောထပြီး အားကစားပုံမှန်လုပ်ပေးပါ


နေ့လည်ပိုင်းပူလို့ လေ့ကျင့်ခန်းမလုပ်ချင်ရင် မနက်ပိုင်းသိပ်မပူတဲ့အချိန်မှာ လမ်းလျှောက်တာ၊ ပြေးတာစတဲ့ လေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ပေးပါ။ မနက်ပိုင်းလေ့ကျင့်ခန်းတွေက သင့်ကိုတစ်နေ့တာလုံး လန်းဆန်းစေဖို့လည်း ကူညီပေးမှာပါ။

၃။ အစားအသောက်တွေကို မီးကင်ပြီးစားကြည့်ပါ


များသောအားဖြင့် အသား၊ငါးတွေစားတဲ့အခါ ဆီကြော်စားတာထက် မီးကင်စား၊ ပြုတ်စားတာမျိုးက သင့်ကိုအဆီသိပ်မတက်ဘဲ လိုအပ်တဲ့အာဟာရဓာတ်တွေရစေဖို့ကူညီပေးနိုင်ပါတယ်။

၄။ လေ့ကျင့်ခန်းတစ်ခုအနေနဲ့ ရေကူးပါ


နွေရာသီက ရေကူးဖို့ကောင်းတဲ့အချိန်ဖြစ်တာမို့ လေ့ကျင့်ခန်းတစ်ခုအနေနဲ့ ရေကူးကြည့်ပါ။ သင့်ကိုလန်းဆန်းသွားစေမယ့်အပြင် မိနစ် ၃၀ လောက်ရေကူးခြင်းက ပျမ်းမျှကယ်လိုရီ ၂၅၀ ကျော် လောင်ကျွမ်းခြင်းနဲ့လည်း ညီမျှပါတယ်။

၅။ Bikini လှလှလေးဝတ်ဖို့ Motivation တစ်ခုအနေနဲ့ထားနိုင်ပါတယ်


ဝိတ်ချတဲ့အခါ Motivation ထားတာက သင်လိုချင်တဲ့ကိုယ်အလေးချိန်ရတဲ့အထိ ဆက်ကြိုးစားနိုင်ဖို့ တွန်းအားတစ်ခုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ Bikini လှလှလေးဝတ်ဖို့ စတဲ့ ကိုယ့်ကိုစိတ်တွန်းအားဖြစ်စေတဲ့ Goal တစ်ခုလောက်ထားကြည့်ပါ။

၆။ သံပယိုသီးစိမ်ထားတဲ့ Lemon Water များများသောက်ပါ


Lemon Water က ဗိုက်ပူ၊ ဗိုက်ဖောင်းခြင်းကိုသက်သာစေပြီး ကိုယ်ရည်စစ်လာစေဖို့ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ရိုးရိုးရေထက် သံပယိုသီးထည့်စိမ်ထားတဲ့ Lemon Water ကိုတစ်နေ့ နှစ်လီတာအနည်းဆုံး သောက်ပေးပါ။

၇။ ယောဂကျင့်ကြည့်ပါ


ယောဂကျင့်တာက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာနှစ်ခုလုံးအတွက်အကျိုးရှိသလို သင့်ခန္ဓာကိုယ်ပျော့ပြောင်းကာ ဟန်ချက်ညီပြီး ကိုယ်အလေးချိန်ကျဖို့အတွက်ပါ ထောက်ပံ့ပေးနိုင်ပါတယ်။ ခုန်ပေါက်စရာမလိုဘဲ အေးအေးဆေးဆေးပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းမျိုးလည်းဖြစ်တာကြောင့် နွေရာသီအတွက်လည်း သင့်တော်စေမှာပါ။

၈။ ညဘက်စောစောအိပ်ရာဝင်တဲ့အကျင့်လုပ်ပေးပါ


ဝိတ်ကျဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အိပ်ချိန်ရှိဖို့ကိုလည်း အာရုံစိုက်ပေးရပါမယ်။ အိပ်ချိန် ၈ နာရီလောက်ပြည့်အောင်ဖယ်ထားပြီး ညဘက်စောစောအိပ်ရာဝင်တဲ့အကျင့်ရှိအောင် ပြန်ဂရုစိုက်ပေးဖို့မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar