ရေမွှေးဆွတ်ရင် အနံ့ကြာကြာမစွဲပဲ အိမ်ကထွက်ပြီး ခဏကြာတာနဲ့ အနံ့ပြယ်သွားတာမျိုးဆို စိတ်ညစ်ရပါတယ်။ အနံ့မွှေးချင်လို့ ရေမွှေးသုံးတာကို အနံ့မခံတော့ အဆင်ပြေဘူးပေါ့။ ဒါကြောင့် ရေမွှေးဆွတ်တဲ့အခါ အနံ့ကြာကြာမစွဲလို့ စိတ်ညစ်နေရင် ဒီအရာ ၇ ခုကို လုပ်ကြည့်လိုက်ပါ။

ရေမွှေးဆွတ်ပြီးတာနဲ့အဝတ်အစားတန်းမဝတ်ပါနဲ့

ရေမွှေးဆွတ်ပြီးပြီးချင်း အဝတ်အစားတန်းဝတ်တာမျိုး မလုပ်ပါနဲ့။ ရေချိုးပြီးတာနဲ့ skin ကို ရေမွှေးဆွတ်ပြီး ခြောက်တော့မှ အဝတ်အစားဝတ်ပါ။

အဝတ်အစားကိုမဖြန်းပါနဲ့

ရေမွှေးကို အဝတ်အစားမှာဖြန်းတာက အနံ့ခဏပဲရတာကြောင့် ရေမွှေးကုန်တာပဲ အဖတ်တင်ပါတယ်။ ဒါကြောင့် ကိုယ့် skin ပေါ်မှာပဲ ဆွတ်ပေးပါ။ ပိုပြီးအနံ့ကြာရှည်ခံပါတယ်။ အဝတ်အစားမှာဖြန်းလို့ အနံ့ကြာရှည်ခံရင်တောင်မှ အဝတ်အစား စွန်းထင်းတာ၊ ကွက်တာတွေ ဖြစ်တတ်လို့ မဖြန်းတာတော့ အကောင်းဆုံးပါပဲ။

အဓိကနေရာတွေကိုရွေးဆွတ်ပါ

ရေမွှေးဆွတ်တဲ့အခါမှာ အနံ့ကြာကြာခံပြီး မွှေးနေအောင်၊ အနံ့စွဲအောင် အဓိကနေရာတွေဖြစ်တဲ့ လည်ပင်း၊ လက်ကောက်ဝတ်၊ တံတောင်ကွေးနဲ့ တံတောင်ဆစ်နေရာမှာ ဆွတ်ပေးပါ။ ကျောဘက်ကို ရေမွှေးဆွတ်တာမျိုး ရှောင်ရပါမယ်။ ရေမွှေးနဲ့ ချွေးတွေနဲ့ရောပြီး ဖုတွေထွက်လာတတ်ပါတယ်။

လက်ကောက်ဝတ်နှစ်ခုကိုမပွတ်ပါနဲ့

ရေမွှေးကို လက်ကောက်ဝတ်မှာဆွတ်ပြီးရင် လက်ကောက်ဝတ်နှစ်ခုကို ပွတ်တာမျိုးက အနံ့ပြယ်သွားစေပါတယ်။ ဒါကြောင့် လုံးဝမပွတ်ပါနဲ့။ ဆွတ်ပြီးရင် အဲ့အတိုင်းသာ ခြောက်အောင်ထားပါ။

Moisturizer လိမ်းပါ

ရေမွှေးဆွတ်မယ့်နေရာကို အနံ့မပါတဲ့ moisturizer တစ်ခုခု (သို့) Vaseline petroleum jelly ကိုလိမ်းပြီးတော့မှ ဆွတ်မယ်ဆိုရင် ပိုပြီးအနံ့ကြာကြာခံပါတယ်။

ဆံပင်ကိုဖြန်းပါ

ရေမွှေးကို ကိုယ်ဖြီးမယ့်ဘီးမှာ ဖြန်းပြီး ခေါင်းဖြီးလို့လည်းရသလို၊ ဆံသားမှာ နည်းနည်းလေး ဖြန်းပေးရင်လည်း ရပါတယ်။ လေတိုက်တိုင်း ကိုယ့်ဆံသားလေးတွေ လွင့်နေတိုင်းမှာ အနံ့ရစေပါတယ်။

ရေမွှေးပုလင်းကိုသေချာသိမ်းပါ

ရေမွှေးပုလင်းကို အပြင်မှာထုတ်မထားပဲ သူ့ဘူးခွံလေးထဲ ပြန်ထည့်ပြီး သိမ်းထားပါ။ ဒီလိုသိမ်းပေးတာက အနံ့မပျက်စေပဲ အနံ့ကောင်းနေစေပါတယ်။ ဘူးမပါရင် အေးတဲ့နေရာ၊ မှောင်တဲ့နေရာမျာ သိမ်းထားပါ။ ရေမွှေးပုလင်းတွေကို နေရောင်တိုက်ရိုက်ထိတဲ့ နေရာတွေမှာ လုံးဝမထားပါနဲ့။ အနံ့ပျက်စေပါတယ်။ ရေမွှေးအနံ့ပျက်ရင် ဆွတ်တဲ့အခါမှာလည်း အနံ့မရတာ၊ အနံ့ပြောင်းတာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။