နွေရာသီမှာ အပူချိန်အရမ်းမြင့်ပြီး နေအရမ်းပြင်းရင် အန္တရာယ်များပါတယ်။ အသက်ဆုံးရှုံးတဲ့အခြေအနေတွေတောင် ရှိပါတယ်။ ဒါကြောင့် သတိထားဆင်ခြင်နိုင်ဖို့အတွက် နေအရမ်းပြင်းတဲ့နွေရာသီမှာ မလုပ်မိအောင်ဆင်ခြင်သင့်တဲ့ အဓိကအချက် ၇ ချက်ကို ပြောပြပေးလိုက်ပါတယ်။

နေပူထဲအကာအကွယ်မပါပဲသွားလာခြင်း

နေပြင်းတဲ့နွေရာသီမှာ နေပူထဲအကာအကွယ်မပါပဲ သွားလာတာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ ဦးထုပ်ဆောင်း၊ ထီးဆောင်းသင့်ပါတယ်။ အကာအကွယ်မပါပဲ သွားလာတာက အသားအရေလည်း ထိခိုက်ပျက်စီးစေသလို ခေါင်းကိုက်တာလည်း ဖြစ်စေပါတယ်။

ရေသောက်နည်းခြင်း

ပူပြင်းတဲ့နွေရာသီမှာ ရေများများသောက်ပေးသင့်ပါတယ်။ ရေသောက်နည်းရင် ရေဓာတ်ခမ်းခြောက်ပြီး မူးဝေတာ၊ အားပျက်တာတွေအထိ ဖြစ်နိုင်ပါတယ်။ နေအရမ်းပြင်းတဲ့နေ့တွေမှာဆိုရင် ချွေးထွက်လွန်တာမျိုးမဖြစ်အောင် ဓာတ်ဆားရည်တောင် သောက်ပေးသင့်တာပါ။

Sunscreen မလိမ်းခြင်း

နေလောင်ခံရလို့ အသားအရေပျက်စီးတာက အလှအပအတွက်ပဲမဟုတ်ပါဘူး။ ကျန်းမာရေးရှုထောင့်ကနေလည်း မကောင်းတဲ့အရာပါ။ ဒါကြောင့် နေပြင်းတဲ့နွေရာသီမှာ Sunscreen မလိမ်းပဲ လုံးဝမနေသင့်ပါဘူး။

အရက်အလွန်အကျွံသောက်ခြင်း

နေပြင်းတဲ့အချိန် အပူချိန်အရမ်းမြင့်နေတဲ့အချိန် အရက်အလွန်အကျွံသောက်လို့ ဦးနှောက်သွေးကြောပြတ်ပြီး အသက်သေဆုံးရတဲ့ အဖြစ်အပျက်တွေက အများကြီးရှိပါတယ်။ နွေရာသီမှာ အထူးဂရုစိုက်သင့်တဲ့ အချက်ပါပဲ။

ရေကူးခြင်း

နွေရာသီမှာ ပူလို့ရေကူးကြတယ်ဆိုပေမယ့် အချိန်ကိုကြည့်ဖို့တော့ လိုပါတယ်။ နေ့ခင်းကြောင်တောင် နေအရမ်းပြင်းပြီး အပူချိန်မြင့်တက်နေချိန်မှာ ရေကူးတာမျိုး မလုပ်သင့်ပါဘူး။ အပူရှပ်တတ်ပါတယ်။ မိုးလုံလေလုံ ရေကူးကန်မှာကူးတာမျိုး မဟုတ်ဘူးဆိုရင်တော့ နေအေးတဲ့အချိန်မှသာ ရေကူးသင့်ပါတယ်။

နေပူထဲကပြန်လာပြီးရေချိုးခြင်း၊ ရေခဲရေသောက်ခြင်း

နွေရာသီမှာ အထူးဂရုစိုက်ရမယ့်အချက်၊ သေချာဂရုစိုက်ပြီး ဆင်ခြင်ရမယ့်အချက်ကတော့ နေပူထဲကပြန်လာပြီး ရေချိုးခြင်းနဲ့ ရေခဲရေသောက်ခြင်းပဲ ဖြစ်ပါတယ်။ အပူရှပ်တာ၊ နှလုံးရပ်တာတွေအထိ ဖြစ်တတ်တဲ့အတွက် မပေါ့ဆသင့်ပါဘူး။

သွေးတိုးစာတွေစားခြင်း

နောက်ဆုံးအနေနဲ့ နေအရမ်းပြင်းတဲ့နွေရာသီမှာ မလုပ်မိအောင် အထူးဆင်ခြင်သင့်တဲ့အချက်ကတော့ သွေးတိုးစာတွေ မစားမိဖို့ပါပဲ။ နေကလည်း အရမ်းပြင်းတဲ့အချိန် သွေးတိုးစာတွေ မဆင်မခြင်စားမိရင် သွေးဆောင့်တက်တာ၊ အသက်အန္တရာယ် ထိခိုက်တာတွေအထိ ဖြစ်နိုင်ပါတယ်။