မင်္ဂလာပါနော်။ အရွယ်မတိုင်ခင် အရေးအကြောင်းပေါ်ပြီး ရုပ်ရင့်လာတာက Sunscreen ပုံမှန်မလိမ်းတဲ့ အကြောင်းအရင်းကြောင့်အပြင် နေ့စဉ်နီးပါး ကိုယ်တိုင်လုပ်နေမိတဲ့ အပြုအမူအမှားအချို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ရေရှည်အတွက် အသားအရေမထိခိုက်ဖို့ သတိထားပြီး ရှောင်ပေးရမယ့် အရာတွေအကြောင်းကို ဒီတစ်ခေါက်ဆောင်းပါးမှာ မျှဝေပေးသွားမှာပါ။ သင်ကိုယ်တိုင်လုပ်နေမိတဲ့ အချက်တွေပါမလား စိတ်ဝင်စားရင်ကြည့်လိုက်ရအောင်နော်-

၁။ အချိုလွန်ကဲတာတွေ ခဏခဏစားခြင်း


အချိုစားတာက ဝိတ်တက်စေရုံမကဘဲ အသားအရေကိုပါ ရင့်ရော်စေပါတယ်။ သွေးတွင်းသကြားဓာတ်များနေတဲ့အခါ အရေပြား Collagen ထုတ်လုပ်မှု လျော့နည်းသွားစေတာကြောင့် သင့်အသားအရေကို မွဲခြောက်ကာ အရေးအကြောင်းတွေ ဖြစ်လာစေမှာပါ။ ဒါကြောင့် နုပျိုချင်တယ်ဆိုရင် အချိုလျှော့စားပေးဖို့မမေ့ပါနဲ့။

၂။ အလွန်အကျွံပြေးခြင်း


ပြေးတာ၊ ခုန်တာတွေက ခန္ဓာကိုယ်ကျန်းမာရေးအတွက်တော့ ကောင်းပေမယ့် အလွန်အကျွံလုပ်မိတဲ့အခါ အသားအရေတွဲကျပြီး တင်းတင်းရင်းရင်းမရှိတော့တွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အားကစားနဲ့ လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ အချိန်အတော်ကြာ အလွန်အကျွံပြေးတာမျိုးကို ရှောင်ပေးပါ။

၃။ ချည်ခေါင်းအုံးစွပ်တွေနဲ့ အိပ်ခြင်း

Photo Source: brightside.me

အသားအရေနုပျိုဖို့ ခေါင်းအုံးစွပ်ပုံမှန်လဲတာ၊ ပိုးသားအိအိခေါင်းအုံးစွပ်သုံးတာတွေ လုပ်ပေးဖို့လည်း အရေးကြီးပါတယ်နော်။ ချည်ခေါင်းအုံးစွပ်တွေက ဖုန်၊ အဆီနဲ့အညစ်အကြေးတွေကပ်လွယ်တာကြောင့် ချွေးပေါက်ပိတ်စေတဲ့အပြင် မျက်နှာနဲ့တိုက်ရိုက်ဖိအိပ်တာများတဲ့အခါ အရေပြားအရာပေါ်ပြီး အရေးအကြောင်းတွေအထိ ဖြစ်လာနိုင်ပါတယ်။

၄။ ကိုယ်နဲ့မလိုက်တဲ့ မိတ်ကပ်တွေလိမ်းမိခြင်း


တစ်ခါတစ်ရံ ကိုယ်နဲ့အဆင်မပြေတဲ့ မိတ်ကပ်အရောင်နဲ့ ပစ္စည်းတွေသုံးမိတာကလည်း သင့်ကိုရုပ်ရင့်နေသလို ခံစားရစေတတ်ပါတယ်။ ဒါကြောင့် အမြဲနုပျိုတဲ့ Look လေးရဖို့ မိတ်ကပ်အလိမ်းမမှားအောင်လည်း သတိထားပေးပါ။

၅။ အိပ်ချိန်မမှန်ခြင်း


အိပ်ရေးမဝတာ၊ ပုံမှန်အိပ်ချိန်မသတ်မှတ်ထားတာတွေကလည်း မျက်ကွင်းညိုကာ အသားအရောင်မွဲခြောက်ပြီး မြန်မြန်ဆန်ဆန် အိုမင်းရင့်ရော်လာတတ်ပါတယ်။

၆။ Alcohol အသောက်များခြင်း


Alcohol အသောက်များလေလေ ရေဓာတ်နည်းလေဖြစ်တာကြောင့် အရေပြားအတွင်း ရေဓာတ်ခန်းခြောက်ကာ အသားအရေ ခြောက်သွေ့လာတတ်ပါတယ်။ Sensitive Skin ရှိသူတွေမှာ ဝက်ခြံ Breakout တွေပါ ဖြစ်တာကြောင့် အရက် အလွန်အကျွံသောက်တာမျိုးကို ရှောင်ပေးဖို့ မမေ့သင့်ပါဘူး။

၇။ စိတ်ဖိစီးမှုများနေခြင်း

အမြဲတမ်း စိတ်ဖိစီးနေခြင်းကလည်း ရုပ်ရင့်စေတဲ့အကြောင်းအရင်းတစ်ခုပါပဲ။ Stress ဟော်မုန်းတွေက အရေပြားတွင်းက Collagen ဓာတ်တွေကို တဖြည်းဖြည်းလျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်ရောစိတ်ပါ နုပျိုဖို့ Stress နည်းအောင်နေထိုင်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar