ပိုးကောင်ကိုက်လို့ယားယံတာကလည်း အရေပြား sensitive ဖြစ်တဲ့သူဆိုရင် အဖုအကြီးကြီးတွေထပြီး ယားယံတဲ့အချိန်ကြာတာ၊ စပ်တာ၊ အနာဖြစ်တာတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပိုးကောင်ကိုက်လို့ယားယံတာကို အမြန်ဆုံး သက်သာပျောက်ကင်းအောင် လုပ်ပေးနိုင်မယ့် နည်းလမ်း ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။

အရက်ပြန်နဲ့ပွတ်ခြင်း

အရက်ပြန်နည်းနည်းယူပြီး ပိုးကောင်ကိုက်တဲ့နေရာကို ပွတ်ပေးခြင်းက အရေပြားယားယံမှုကို သက်သာစေပါတယ်။ ဒါပေမယ့် အလွန်အကျွံမသုံးမိဖို့တော့လိုပါတယ်။ သုံးတာများသွားရင် အရေပြားခြောက်သွေ့စေပါတယ်။

ရေခဲအိတ်ကပ်ခြင်း

ရေခဲထုပ် ဒါမှမဟုတ် အေးခဲထားတဲ့ ရေခဲတုံးကိုယူပြီး အကိုက်ခံရတဲ့နေရာကို 10 မိနစ်၊ 15 မိနစ်လောက် ကပ်ထားပေးပါ။ အသားအရေရောင်ရမ်းခြင်းနဲ့ ယားယံခြင်းတွေကို သက်သာစေပါတယ်။

ရှားစောင်းလက်ပတ်နဲ့ပွတ်ခြင်း

ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့ ယားယံနေတဲ့နေရာကိုပွတ်ပေးရင် ယားယံတာ၊ အသားအရေနီမြန်းပြီး အနီကွက်ဖြစ်တာတွေကို လျော့ကျစေပါတယ်။ ရှားစောင်းလက်ပတ်နဲ့ ဓာတ်မတည့်တာမျိုးလည်း ရှိတာကြောင့် သတိထားဖို့တော့ လိုပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါတစ်ဇွန်းကို ရေနဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး ပိုးကောင်ကိုက်လို့ ယားနေတဲ့နေရာကို ပွတ်လိမ်းထားပါ။ 10 မိနစ်ပြည့်ရင် ရေနဲ့ဆေးချလိုက်ပါ။ ယားယံတာ သက်သာစေပါတယ်။

ပျားရည်

ပျားရည်ကို အကိုက်ခံရတဲ့နေရာကို တိုက်ရိုက်ပွတ်လိမ်းပေးခြင်းက အသေးစားရောင်ရမ်းမှုနဲ့ ယားယံမှုတွေကို သက်သာစေပါတယ်။

ရှာလကာရည်

ယားယံတဲ့နေရာကို ရှာလကာရည် တစ်စက်လောက်လိမ်းပေးတာနဲ့ ယားယံတာသက်သာစေပြီး နာကျင်ကိုက်ခဲခြင်းကိုလည်း လျှော့ချပေးပါတယ်။ ရှာလကာရည်က ပိုးကောင်ကိုက်ခံရလို့ ယားပြီး အလွန်အကျွံကုတ်မိတာအတွက်လည်း နောက်ဆက်တွဲ ရောဂါပိုးမွှားကူးစက်မှုကိုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ သဘာဝပိုးသတ်ဆေးတစ်ခုလည်း ဖြစ်ပါတယ်။

အကိုက်ခံရတာတွေ များနေရင် ရှာလကာရည် ၂ ခွက်ကို ရေကြက်သီးနွေးနဲ့ရောပြီး မိနစ် ၂၀ လောက်စိမ်တာမျိုး၊ ရေချိုးတာမျိုး လုပ်ပေးနိုင်ပါတယ်။