အားလုံးပဲမင်္ဂလာပါနော်။ စောစောအိပ်ရာဝင်တာ အိပ်ချိန်မှန်မှန်ထားတာတွေက ကိုယ်အလေးချိန်ထိန်းထားနိုင်ဖို့အထောက်အကူပြုတယ်ဆိုတာကိုတော့ ပျိုမေတို့ ကြားဖူးပြီးသားဖြစ်မှာပါ။ ဝိတ်ချနေတဲ့သူတွေအနေနဲ့လည်း ထိထိရောက်ရောက် ဝိတ်ကျလာဖို့ အစားလျော့စားတာ၊ လေ့ကျင့်ခန်းလုပ်တာတွေအပြင် အိပ်ချိန်မှန်မှန်ရှိနေဖို့ကလည်းအရေးကြီးပါတယ်။ တော်တော်များများ မသိမထားမိသေးတဲ့ အိပ်ရေးဝဝအိပ်ခြင်းကြောင့် ခန္ဓာကိုယ်ဝိတ်ကျလာရတဲ့အကြောင်းအရင်းလေးတွေရှိပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေကိုသိနိုင်ဖို့ ဒီတစ်ခေါက်မှာ အချိန်မှန်အိပ်စက်ခြင်းက သင့်ကို ဘာကြောင့် ဝိတ်ကျစေသလဲဆိုတာနဲ့ ပက်သက်ပြီး မျှဝေပေးပါရစေ။

၁။ စိတ်ဖိစီးမှုဟော်မုန်းလျော့ကျစေတယ်


Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းက အစားစားချင်စိတ်ကိုမြင့်တက်စေပြီး ဗိုက်နဲ့ ခါးမှာ အဆီ စုလာစေပါတယ်။ အိပ်ရေးမဝတာက ကိုယ်တွင်း Cortisol ထုတ်လုပ်မှုများစေတာကြောင့် သင့်ကိုဝိတ်တက်လာစေပါလိမ့်မယ်။ အိပ်ချိန်မှန်အောင်ထားမယ်ဆိုရင်တော့ သင့်ရဲ့ Cortisol ပမာဏကိုလည်း ထိန်းညှိပြီးသားဖြစ်စေမှာပါ။

၂။ ခဏခဏဗိုက်မဆာအောင် ထိန်းထားနိုင်တယ်


အပေါ်မှာပြောထားသလို အိပ်ရေးဝပြီး Cortisol ပမာဏပုံမှန်ဖြစ်နေတာက အခြား ဟော်မုန်းတွေဖြစ်တဲ့ ဗိုက်ဆာစေတဲ့ဟော်မုန်းနဲ့ စားချင်စိတ်တို့ကိုပုံမှန်အတိုင်း ထိန်းထားနိုင်စေပါတယ်။ ဒါကြောင့် အချိန်မှန်မှန်အိပ်ကြည့်ပါ။ စိတ်ဖိစီးမှုလည်းနည်းပြီး ကယ်လိုရီများတဲ့သရေစာတွေ ခဏခဏစားချင်စိတ်မဖြစ်တော့တာကို တွေ့ရပါလိမ့်မယ်။

၃။ သင့်ကိုလန်းဆန်းနေစေတယ်


အိပ်ရေးဝတာက မနက်ပိုင်းမှာ လူကိုလန်းဆန်းစေပြီး Serotonin လို့ခေါ်တဲ့ပျော်ရွှင်မှုဟော်မုန်းတိုးစေပါတယ်။ ပျော်ရွှင်ပြီး စိတ်အားတက်နေတဲ့အခါ စိတ်ဓာတ်ကျ၊ စိတ်ရှုပ်ပြီး အစားများများစားမိတာ၊ ကျန်းမာရေးတဲ့မညီတဲ့ အစားအသောက်တွေ စားမိတာမျိုးမဖြစ်စေတော့ဘဲ လန်းဆန်းတက်ကြွပြီး အစားအသောက်မှန်စေပါလိမ့်မယ်နော်။

၄။ လေ့ကျင့်ခန်းလုပ်ရတာ ပိုပေါ့ပါးစေတယ်


အိပ်ချိန်များတာက လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း အမောပိုခံနိုင်ပြီး အားပြည့်လန်းဆန်းနေစေဖို့ ကူညီပေးနိုင်တာကြောင့် ပုံမှန်ထက်ပိုပြီး ကယ်လိုရီလောင်ကျွမ်းစေပါလိမ့်မယ်။

၅။ မပျင်းဘဲ တက်ကြွနေစေတယ်


ကောင်းကောင်းအိပ်စက်အနားယူထားတဲ့အခါ တစ်နေကုန်ပျင်းပြီး လှဲအိပ်ချင်တာမျိုး မဖြစ်တော့ဘဲ လှုပ်လှုပ်ရှားရှားနဲ့ တက်ကြွနေစေတာကြောင့် သင့်ကိုပျင်းရိပြီး အဆီမတက်လာအောင် ကူညီပေးနိုင်ပါတယ်။

၆။ အစာခြေစနစ်ကိုလည်း ထောက်ပံ့ပေးတယ်


သင့်ရဲ့အစာခြေစနစ်လည်ပတ်ပုံက အစာအိမ်အပြင် ဦးနှောက်အာရုံကြောနဲ့လည်း ဆိုင်ပါတယ်။ အိပ်ရေးမဝတဲ့အခါ အာရုံကြောအတွင်း စိတ်ဖိစီးမှုများပြီး အစာခြေစနစ် နှောင့်နှေးကာ အစာကောင်းကောင်းမချေနိုင်တော့ဘဲ ဝိတ်အလွယ်တကူ တက်လာစေပါလိမ့်မယ်။ အိပ်စက်ခြင်းက အစာခြေစနစ်အားကောင်းစေပြီး ဝိတ်တက်မလွယ်စေဖို့ထောက်ပံ့ပေးနိုင်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar