လက်သည်းကိုက်တာက လုံးဝမကောင်းတဲ့အကျင့်ပါ။ ကိုယ့်လက်သည်းလည်း ပျက်စီးစေသလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ တခြားသူတွေရဲ့အမြင်မှာလည်း လုံးဝမကောင်းပါဘူး။ ဒါကြောင့် လက်သည်းကိုက်တတ်တဲ့အကျင့်ရှိရင် ပြင်သင့်ပါတယ်။ လက်သည်းကိုက်တတ်တဲ့အကျင့် ပျောက်သွားအောင် ဒီအရာ ၆ ခုကိုသာ အမြဲတမ်းလုပ်ပေးပါ။

လက်သည်းညှပ်ပါ

လက်သည်းရှိနေရင် ကိုက်ကိုကိုက်ဖြစ်နေမှာပါ။ ကိုယ်ကမကိုက်တော့ဘူး ဆုံးဖြတ်ထားရင်တောင်မှ လက်က ပါးစပ်ဆီကို auto ရောက်သွားမှာပါပဲ။ ဒါကြောင့် လက်သည်းကိုက်တတ်တဲ့ အကျင့်ရှိရင် လက်သည်းအရှည် လုံးဝမထားပါနဲ့။ နည်းနည်းလေးရှည်တာနဲ့ ညှပ်ပစ်ပါ။

လက်အိတ်စွပ်ပါ

လက်သည်းကိုက်တဲ့အကျင့်က အရမ်းဆိုးနေရင်တော့ လက်အိတ်စွပ်နေပါ။ လက်မကိုပဲ အမြဲကိုက်တတ်ရင် လက်မကိုစွပ်တဲ့ လက်အိတ်လေးတွေ ဝယ်ထားပါ။ ဒီလိုလုပ်ရင်းနဲ့ လက်သည်းကိုက်တဲ့အကျင့်ကို ဖျောက်ရမှာပါပဲ။

လက်ချောင်းတွေ Busy ဖြစ်အောင်လုပ်ပါ

လက်ကအားနေရင် လက်သည်းကိုက်ဖြစ်နေမှာပါ။ ဒါကြောင့် လက်ချောင်းလေးတွေကို busy ဖြစ်အောင် ချည်ထိုးတာ၊ သိုးမွှေးထိုးတာ စတဲ့ လက်ချောင်းလေးတွေကို များများသုံးပြီးလုပ်ရတဲ့ အလုပ်တွေကို လုပ်ပေးပါ။

ပါးစပ်ကိုလည်း Busy ဖြစ်အောင်လုပ်ပါ

လက်သည်းကိုက်ချင်လာရင် တစ်ခုခုစားတာ၊ ပီကေဝါးတာ၊ စုပ်လုံးစုပ်တာ၊ ယောင်္ကျားလေးဆိုရင် ဆေးလိပ်သောက်လိုက်တာ စတာတွေကို လုပ်ပေးပါ။

လက်သည်းကိုက်ချင်လာရင် Hand Cream လိမ်းပါ

လက်သည်းကိုက်ချင်စိတ် အရမ်းဖြစ်လာရင် ချည်ထိုး၊ သိုးမွှေးထိုးတာလည်း မလုပ်တတ်ဘူး။ အလွယ်တကူယူစားစရာလည်း ဘာမှမရှိဘူးဆိုရင် hand cream ကောက်လိမ်းလိုက်ပါ။ သွားလေရာ hand cream ယူသွားပါ။ အဲ့လိုလိမ်းလိုက်ရင် သိပ်ပြီးမကိုက်ဖြစ်တော့ပါဘူး။

သတိပေးစာလေးတွေကပ်ထားပါ

လက်သည်းမကိုက်မိအောင် ကိုယ်အမြဲရှိတဲ့နေရာ၊ ကိုယ်နေတဲ့နေရာတွေမှာ သတိပေးစာလေးတွေ လိုက်ကပ်ထားပါ။ ဒါမှ မေ့ပြီးကိုက်မလို့ကြံနေရင်တောင် ဒီစာလေးတွေမြင်ပြီး ဆင်ခြင်မိသွားပါလိမ့်မယ်။