လူတစ်ယောက်က ကိုယ်သင်းရနံ့လေးကောင်းနေတာလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒါကြောင့် ကိုယ်သင်းရနံ့ကောင်းစေဖို့ ပုံမှန်လုပ်ပေးသင့်တဲ့အရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။ ကိုယ့်အနားကဖြတ်သွားရင် ချွေးနံ့၊ ဂျိုင်းချွေးနံ့ နံနေတာမျိုး၊ အနံ့အသက်မကောင်းတာမျိုး မဖြစ်ရအောင်လို့ ဒီအရာတွေက ကူညီပေးမှာပါ။

နေ့တိုင်းရေချိုးပါ

နေ့တိုင်းရေမချိုးရင် ခန္ဓာကိုယ်က ချွေးနံ့နံတတ်ပါတယ်။ ရေချိုးဖို့ အဆင်မပြေရင်တောင်မှ သန့်ရှင်းရေးတော့ လုပ်ပေးရပါမယ်။ အဝတ်အစားကိုလည်း လဲရပါမယ်။ ရေချိုးပြီးလည်း ဝတ်ပြီးသားအဝတ်တွေ ပြန်ဝတ်နေရင်တော့ ဘာမှမထူးပါဘူး။

ဂျိုင်းကိုနေ့တိုင်းသန့်ရှင်းရေးလုပ်ပေးပါ

အဓိကချွေးနံ့နံတဲ့နေရာက ဂျိုင်းပါ။ ဒါကြောင့် နေ့တိုင်း ဂျိုင်းနေရာကို ရေစိုဝတ်နဲ့ ပွတ်ပေးပါ။ တစ်ပတ်တစ်ကြိမ် Scrub (သို့) Exfoliate လုပ်ပေးပါ။ ဂျိုင်းချွေးထွက်တတ်ရင်၊ ဂျိုင်းချွေးနံ့နံတတ်ရင် Deodorant ကောင်းကောင်းသုံးပေးပါ။ ဂျိုင်းချွေးနံ့ကိုထိန်းနိုင်တာ Deodorant ပဲဖြစ်လို့ မဖြစ်မနေသုံးပေးပါ။

အဝတ်အစားကိုသန့်သန့်ရှင်းရှင်းဝတ်ပါ

အဝတ်အစားတစ်ထည်ကို တစ်ရက်ပဲဝတ်ပါ။ နောက်နေ့ပြန်ဝတ်တာမျိုး မလုပ်ပါနဲ့။ ချွေးနံ့တွေ ခန္ဓာကိုယ်မှာ ဆွဲနေတတ်ပါတယ်။ ရှူးဖိနပ်နဲ့ ကတီပါစီးတဲ့သူဆိုရင် ဖိနပ်ကိုလည်း သန့်ရှင်းရေးအမြဲလုပ်ပေးပါ။ ခြေဆီထွက်ရင်နံတာကြောင့် ဖိနပ်မှာပါ ဆွဲနေပါလိမ့်မယ်။ ဒီဖိနပ်စီးသွားတိုင်း အဲ့အနံ့ကပါနေမှာဖြစ်လို့ သန့်ရှင်းရေးလုပ်ပေးဖို့ မမေ့ပါနဲ့။

ရေမွှေးနဲ့ Lotion သုံးပါ

ကိုယ်သင်းရနံ့ကောင်းချင်ရင် အနံ့ကောင်းတဲ့ရေမွှေးသုံးပါ။ Lotion လိမ်းပါ။ အမြဲသုံးပေးရင် ကိုယ့်ဆီက ကိုယ်သင်းရနံ့လေးလိုမျိုးတောင် ဖြစ်သွားစေပါတယ်။ ကိုယ့်အနားရောက်လာတာနဲ့ ဒီအနံ့လေး အမြဲရတယ်ဆိုတာမျိုး ဖြစ်စေပါတယ်။

ရေများများသောက်ပါ

ရေများများသောက်ပေးရင် အပူအပုပ်ကင်းတဲ့အတွက် ခန္ဓာကိုယ်အနံ့အသက် ကောင်းစေပါတယ်။ ဝမ်းလည်းမှန်စေတဲ့အတွက် ခံတွင်းအနံ့ဆိုးလည်း မထွက်စေပါဘူး။

အနံ့ဆိုးထွက်စေတဲ့ အစားအသောက်တွေကိုရှောင်ပါ

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ တညင်းသီး၊ ဆီကြော်မုန့်နဲ့ အခြားအနံ့ဆိုးထွက်စေတဲ့ အစားအသောက်တွေကို ရှောင်ပေးပါ။ ဒီအစားအသောက်တွေက ခန္ဓာကိုယ်ကနေ ချွေးနံ့ဆိုးထွက်စေပြီး ခံတွင်းအနံ့လည်းနံစေပါတယ်။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေကို များများစားပေးတာကတော့ ခန္ဓာကိုယ်အနံ့ဆိုးထွက်တာကို လျော့ကျစေပါတယ်။