အမြဲတမ်းစိုရိမ်ပူပန်စိတ်တွေများနေရင်၊ ဘာမဟုတ်တာတွေကအစ လိုက်တွေးပြီး အစိုးရိမ်လွန်နေရင် ကိုယ်ပဲစိတ်ပင်ပန်းရပါတယ်။ အမြဲတမ်းပူပန်သောကရောက်နေရပြီး အပြည့်အဝမပျော်ရွှင်နိုင်တော့ပါဘူး။ စိုးရိမ်ပူပန်မှုလွန်ကဲတဲ့သူတွေက သူများထက်နှစ်ဆ စိတ်ညစ်ရပါတယ်။ ဒါကြောင့် အမြဲစိုးရိမ်ပူပန်နေတတ်တဲ့စိတ်ကို ရပ်တန့်သွားအောင်ကူညီပေးမယ့် အရာ ၆ ခုကို မျှဝေပေးလိုက်ပါတယ်။

တရားထိုင်ပါ

တရားထိုင်တာက စိတ်တည်ငြိမ်စေပြီး ဒေါသတွေ၊ စိတ်ညစ်စရာတွေ အားလုံးကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း တရားထိုင်ပေးပါ။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

အသက်ရှူလေ့ကျင့်ခန်းလုပ်တာကလည်း တရားထိုင်သလိုပါပဲ။ စိတ်တည်ငြိမ်စေပြီး စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို လျော့ကျသွားစေပါတယ်။ တရားထိုင်ဖို့မလုပ်နိုင်ရင် အသက်ရှူလေ့ကျင့်ခန်းတော့ လုပ်ဖြစ်အောင်လုပ်ပေးပါ။

ခံစားချက်တွေကိုမျှဝေပါ

ဘယ်အရာကိုမဆို တစ်ယောက်ထဲကြိတ်ပြီး ခံစားမနေပါနဲ့။ ကိုယ်ဘာတွေတွေးနေလဲ၊ ကိုယ်ဘာတွေခံစားနေရလဲ၊ ဘာတွေဖြစ်နေလဲဆိုတာကို ယုံကြည်ရတဲ့သူတွေကို ပြောပြပါ။ ခံစားချက်တွေမျှဝေပြီး ရင်ဖွင့်ပါ။ သူ့တို့ဆီက အကြံဉာဏ်ပေးမှုတွေကြောင့် ကိုယ့်ရဲ့မှားယွင်းနေတဲ့အတွေးတွေကို မြင်လာမယ်၊ တစ်ယောက်ထဲတွေးပြီး စိုးရိမ်ပူပန်နေတာတွေက လျော့ကျသွားပါမယ်။

နေ့စဉ်မှတ်တမ်းချရေးပါ

တစ်နေ့တာဖြစ်ပျက်သမျှတွေကို နေ့စဉ်မှတ်တမ်းချရေးတာကလည်း စိတ်သက်သာရာရစေပြီး စိတ်ပေါ့ပါးသွားစေပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်မှုတွေကလည်း လျော့ကျလာပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးမဝရင်၊ အိပ်ချိန်တွေမမှန်ရင် စိုးရိမ်ပူပန်တတ်တဲ့စိတ်က ပိုဆိုးလာမှာပါ။ အမြဲတမ်း တွေးပြီးစိုးရိမ်နေတာ၊ Negative ဆန်တဲ့အတွေးတွေများလာတာမျိုး ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေးဝအောင်အိပ်ဖို့ကလည်း အရေးကြီးပါတယ်။

အများကြီးမတွေးပါနဲ့

အရေးအကြီးဆုံးကတော့ အများကြီးမတွေးဖို့ Overthinking မဖြစ်ဖို့ပါပဲ။ အများကြီးတွေးနေရင် စိုးရိမ်ပူပန်မှုတွေက ပိုဆိုးလာမှာပါ။ ဘာမှမတွေးမိလေ စိုးရိမ်စရာလည်းမရှိလေပါပဲ။