အလုပ်က နားချိန်မရှိလောက်အောင် ပင်ပန်းပြီး အရမ်းအလုပ်ရှုပ်နေတာမျိုးလည်း မဟုတ်ပဲနဲ့ အနားယူဖို့ အချိန်က လုံလုံလောက်လောက် မရှိဘူးဆိုရင်တော့ ဒါက ကိုယ့်ရဲ့နေထိုင်မှုပုံစံ Lifestyle နဲ့ ဆိုင်သွားပါပြီ။ သင့်မှာအနားယူဖို့ အချိန်မရှိဖြစ်နေရတဲ့ အဓိကအကြောင်းအရင်းက ဒီအရာ ၆ ခုကြောင့် ဖြစ်တာများပါတယ်။

အလုပ်ချိန်မှာအာရုံထွေပြားနေခြင်း

အလုပ်ချိန်မှာ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို တစိုက်မတ်မတ်နဲ့ ပြီးအောင်မလုပ်ပဲ အာရုံတွေ ထွေပြားနေရင် အချိန်တွေသာကုန်သွားတယ် အလုပ်ပြီးမှာ မဟုတ်ပါဘူး။ တစ်နာရီနဲ့ပြီးရမယ့်အလုပ်က ၂ နာရီ၊ ၃ နာရီလောက် ကြာသွားတာပေါ့။ စာလုပ်တဲ့အခါမှာလည်း ဒီလိုပါပဲ။ စာလုပ်မယ်ဆိုရင် စာတစ်ခုပဲလုပ်ပါ။ အာရုံထွေပြားပြီး အချိန်ကုန်မခံပါနဲ့။

အရာရာတိုင်းကိုလက်ခံနေခြင်း

ကိုယ်လုပ်နိုင်တာတွေရော မလုပ်နိုင်တာတွေရော အားလုံးကို လက်ခံနေရင် ကိုယ့်အတွက် နားချိန်က ရှိမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်နေပါစေ နားချိန်ဆိုတာ ရှိရပါမယ်။ ဦးနှောက်ကို အနားပေးမှ အိုင်ဒီယာအသစ်တွေ ထွက်လာမယ်၊ ခန္ဓာကိုယ်ကို အနားပေးမှ အားရှိပြီး ကျန်းမာပါမယ်။ ဒါကြောင့် မလုပ်နိုင်တာတွေကို ပြတ်ပြတ်သားသားငြင်းပြီး ကိုယ်လုပ်နိုင်သလောက်ပဲလုပ်ပါ။ အနားယူဖို့ မမေ့ပါနဲ့။

Schedule နဲ့သေချာမလုပ်ခြင်း

အလုပ်နဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်၊ စာနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ် သေချာ Schedule ဆွဲပြီးလုပ်မယ်ဆိုရင် သတ်မှတ်ထားတဲ့အချိန်အတိုင်း လုပ်ဖြစ်မယ်၊ နားချိန်လည်း ထွက်လာပါမယ်။ Schedule ဆွဲပြီးမလုပ်ရင် ဟိုရောင်ရောင် ဒီရောင်ရောင်နဲ့ အချိန်တွေသာကုန်သွားတယ် သေသေချာချာ အနားယူလိုက်ရတာလည်း မရှိဘူးဆိုတာမျိုး ဖြစ်လာပါလိမ့်မယ်။

ခဏခဏဖုန်းကြည့်နေခြင်း

ဘယ်အရာကိုပဲလုပ်လုပ် ခဏခဏဖုန်းကြည့်လိုက်၊ ဖုန်းလေးသုံးလိုက်၊ ပြန်လုပ်လိုက်နဲ့ဆိုရင် အချိန်ပိုကြာပြီး အချိန်တွေကုန်ပါတယ်။ ဒါကြောင့် ဖုန်းကြည့်တာလည်း လျှော့ဖို့လိုပါတယ်။

အိပ်ယာထနောက်ကျခြင်း

အိပ်ယာထနောက်ကျရင် တစ်နေ့တာလုပ်စရာရှိတာတွေ အကုန်လုံးနောက်ကျသွားတဲ့အတွက် နားချိန်လည်း ဖဲ့ယူလို့ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် စောစောအိပ်၊ စောစောထပြီး ကိုယ်လုပ်စရာရှိတာတွေကိုလုပ် ပြီးရင် အေးအေးဆေးဆေး အနားယူပါ။

တစ်နေ့တာအတွက် Plan မရှိခြင်း

ငါဒီနေ့ဘာတွေလုပ်မယ်၊ ဘာပြီးရင်ဘာလုပ်မယ် စသဖြင့် တစ်နေ့တာအတွက် လုပ်ရတာမှာတွေကို Plan မချထားရင် Plan မရှိရင် အချိန်ကိုလည်း သေချာစီမံခန့်ခွဲပြီး မလုပ်တတ်တော့ပါဘူး။ ဟိုဟာလုပ်လိုက်၊ ဒီဟာလုပ်လိုက်နဲ့ အလုပ်တွေလည်း သေချာမပြီးသလို သေချာလည်းအနားမယူရဘူး ဖြစ်နေမှာပါ။ ဒါကြောင့် တစ်နေ့တာအတွက် Plan ချပြီးလုပ်ဆောင်ပါ။