ရေမွှေးဆွတ်တဲ့အခါမှာ အနံ့ပိုခံတယ်၊ အနံ့မခံဘူးဆိုတာက ကိုယ်ဆွတ်နေတဲ့ပုံစံတွေ၊ ကိုယ်သုံးနေတဲ့ပုံစံတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ မှားလုပ်မိနေတာတွေရှိရင်လည်း ပြင်ဆင်လို့ရအောင် ရေမွှေးဆွတ်တဲ့အခါမှာ တော်တော်များများလုပ်လေ့ရှိတဲ့ အမှား ၆ ခုကို ပြောပြပေးလိုက်ပါတယ်။

ပွတ်ခြင်း

တော်တော်များများလုပ်လေ့ရှိတဲ့ ပထဆုံးသောအမှားကတော့ ရေမွှေးဆွတ်ရင် လက်ကောက်ဝတ်ကိုဆွတ်လည်း လက်ကောက်ဝတ်နှစ်ခုကို ပွတ်လိုက်တာမျိုး၊ လည်ပင်းကိုဆွတ်လည်း လက်နဲ့ပွတ်လိုက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီလိုပွတ်တာမျိုးက လုံးဝမလုပ်ရပါဘူး။ အနံ့ပျယ်စေသလို အနံ့လည်းပြောင်းစေပါတယ်။

Pulse Points တွေကိုအဓိကမထားခြင်း

ရေမွှေးဆွတ်ရင် Pulse Points လို့ခေါ်တဲ့ သွေးကြောတွေနဲ့နီးကပ်တဲ့နေရာမျိုးတွေကို ဆွတ်ရတာပါ။ အဲ့နေရာတွေကိုဆွတ်မှ အနံ့ပိုပြီးကြာရှည်ခံတာပါ။ အဲ့လိုနေရာတွေကိုမဆွတ်ပဲ ခန္ဓာကိုယ်အနံ့ဖြန်းပစ်လိုက်တာမျိုးက ရေမွှေးပိုကုန်တာပဲရှိပါတယ်။ အနံ့မစွဲပါဘူး။

အဝတ်အစားကိုဆွတ်ခြင်း

ရေမွှေးဆွတ်ရင် တော်တော်များများလုပ်လေ့ရှိတဲ့ အကြီးမားဆုံးသော အမှားကတော့ အဝတ်အစားမှာဆွတ်တာပါပဲ။ အခန့်မသင့်ရင် အင်္ကျီတွေကွက်ပြီး စွန်းထင်းတာမျိုးတွေတောင် ဖြစ်စေပါတယ်။ အင်္ကျီမှာဆွတ်လို့လည်း အနံ့ကသိပ်မစွဲပါဘူး။ အပေါ်မှာပြောခဲ့တဲ့ Pulse Points နေရာလေးတွေကို စွတ်ပေးရမှာပါ။

တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိခြင်း

တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိရင် ခန္ဓာကိုယ်ကထွက်တဲ့ အနံ့အသက်ဆိုးကို ရေမွှေးအနံ့ကလည်း မဖုံးပေးနိုင်ပါဘူး။ ၃ ရက်လောက်ရေမချိုးပဲ ရေမွှေးဆွတ်နေလည်း အနံ့အသက်ဆိုးထွက်မှာပါပဲ။ ဒါကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုကိုလည်း ဂရုစိုက်သင့်ပါတယ်။

ခြောက်သွေ့တဲ့အသားအရေကိုဆွတ်ခြင်း

Skin ကို ရေမွှေးဆွတ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ခြောက်သွေ့နေတဲ့ dry skin မှာတော့ ရေမွှေးနံ့က ကြာရှည်မခံပါဘူး။ ဒါကြောင့် ရေမွှေးနံ့ပိုစွဲပြီး အချိန်ကြာကြာအနံ့ရချင်တယ်ဆိုရင်တော့ ရေမွှေးဆွတ်မယ့်နေရာကို lotion or moisturizer လိမ်းပြီးတော့မှ ဆွတ်ပေးပါ။

အများကြီးဆွတ်ခြင်း

အနံ့မွှေးအောင်လို့ဆိုပြီး ရေမွှေးကို အများကြီးဆွတ်တာလည်း အရမ်းမှားပါတယ်။ အများကြီးဆွတ်ပြီး ဆွတ်တဲ့နေရာမှားနေရင် ရေမွှေးတွေကုန်တာပဲ အဖတ်တင်ပါတယ်။ အနံ့ကတော့ ခဏလေးနဲ့ပျယ်သွားမှာပါပဲ။