ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်တဲ့နေ့တွေ များလာပြီဆိုရင်တော့ ဘာကြောင့်လဲဆိုတာကို စမ်းစစ်ဖို့ လိုပါပြီ။ ကြာလာရင် အကျင့်ဖြစ်သွားပါလိမ့်မယ်။ ကျန်းမာရေးလည်း ထိခိုက်လာပါလိမ့်မယ်။ ဒါကြောင့် ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်တဲ့ အဓိကအကြောင်းအရင်း ၆ ခုကို ပြောပြပေးလိုက်ပါတယ်။ ဘယ်အချက်တွေနဲ့ ကိုက်ညီနေမလဲဆိုတာကို ကြည့်လိုက်ရအောင်…။

စိတ်ဖိစီးမှုရှိနေခြင်း

စိတ်ဖိစီးမှုတွေ ရှိနေရင်လည်း ညဘက်မှာ တော်ရုံနဲ့အိပ်မပျော်တာ၊ ကောင်းကောင်းအိပ်မပျော်တာတွေ ဖြစ်စေပါတယ်။ အိပ်ချင်လို့ ဝင်အိပ်လိုက်ရတောင်မှ အိပ်မပျော်တာမျိုးတွေ၊ ခဏခဏလန့်နိုးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တချို့ကျတော့လည်း အတွေးတွေများပြီး အိပ်မပျော်နိုင်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုရှိနေရင် တရားထိုင်တာမျိုးလုပ်ပြီး စိတ်ဖိစီးမှုတွေကို လျှော့ချကြည့်ပါ။

Screen Time များနေခြင်း

ညအိပ်ခါနီးအထိ Screen Time များနေရင်လည်း မျက်လုံးကြောင်ပြီး တော်ရုံနဲ့အိပ်မပျော်တော့ပါဘူး။ စိတ်ကအိပ်ချင်လာလို့ အိပ်လိုက်ရင်တောင်မှ မျက်လုံးကြောင်ပြီး အိပ်လို့မရဖြစ်ပါတယ်။ ဒါကြောင့် ည ၉ နာရီနောက်ပိုင်းမှာ Screen Time နားလိုက်တာတော့ အကောင်းဆုံးပါပဲ။

အိပ်ယာဝင်ချိန်ပုံမှန်မရှိခြင်း

အိပ်ချင်တဲ့အချိန်မှ နောက်ကျမှအိပ်တာမျိုး၊ တစ်ခါတစ်လေ မိုးလင်းခါနီးမှအိပ်တာမျိုးတွေနဲ့ အိပ်ယာဝင်ချိန် ပုံမှန်မရှိရင်လည်း ကောင်းကောင်းအိပ်မပျော်ပါဘူး။ အိပ်ပျော်သွားတဲ့နေ့လည်း ရှိသလို အိပ်မပျော်တဲ့နေ့တွေလည်း ရှိလာပါလိမ့်မယ်။ ဒါကြောင့် အိပ်စက်တဲ့အချိန်ကလည်း အရမ်းကိုအရေးကြီးပါတယ်။

Caffeine ဓာတ်ရှိနေခြင်း

ညနေစောင်းတွေ၊ ညဘက်တွေမှ Coffee သောက်တာမျိုးကြောင့် Caffeine ဓာတ်ရှိနေရင်လည်း တော်ရုံနဲ့ အိပ်မပျော်တာမျိုးတွေ ဖြစ်စေပါတယ်။

ရင်ပြည့်စာတွေစားထားခြင်း

အိပ်ချိန်နဲ့နီးတဲ့အချိန်တွေမှာ ရင်ပြည့်စေမယ့် အစားအသောက်တွေ စားထားရင်လည်း တော်ရုံနဲ့အိပ်မရတာ၊ ကောင်းကောင်းအိပ်မပျော်ပဲ ပြန်နိုးတာ၊ နေလို့မကောင်းတာမျိုးတွေ ဖြစ်စေပါတယ်။

အိပ်ယာသန့်ရှင်းမှုမရှိခြင်း

ကိုယ်အိပ်မယ့်အိပ်ယာက သန့်ရှင်းမှုမရှိရင်လည်း အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ယားယံတာ၊ စိတ်ရှုပ်တာ၊ အနံ့နံတာတွေကြောင့် အိပ်မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။