မင်္ဂလာပါနော်။ ဝိတ်ချနေတဲ့သူတော်တော်များများကတော့ Intermittent Fasting လို့ခေါ်တဲ့ အစားစားချိန်၊ အစားရှောင်ချိန်နှစ်ခုကို အတိအကျသတ်မှတ်ပြီး လိုက်လုပ်ပေးရတဲ့ ဝိတ်ချနည်းကို ကြားဖူးကြမှာပါ။ ဒီနည်းက အစားအရမ်းလျှော့တာ၊ အပြင်းအထန်လေ့ကျင့်ခန်းလုပ်တာတွေ မလိုတဲ့အတွက် ဝိတ်ချချင်ပေမယ့် အချိန်မပေးနိုင်တဲ့သူတွေအတွက် ကွက်တိပါပဲ။

Fasting မှာ အချိန်သတ်မှတ်နည်းအမျိုးမျိုးရှိပြီး အစားရှောင်ချိန်များများထားလေ ဝိတ်ကျဖို့ပိုမြန်လေပါ။ ဒါပေမယ့် သင်က ဗိုက်ခဏခဏဆာတတ်တဲ့သူဆိုရင်တော့ အစားရှောင်ရတဲ့အချိန်တွေမှာ အခက်တွေ့နိုင်ပါတယ်နော်။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ အစားရှောင်ပြီး ဝိတ်ချနေတဲ့အချိန် ဗိုက်ဆာတတ်တဲ့ ပြဿနာနည်းအောင် ကြိုတင်ပြုလုပ်နိုင်တဲ့အရာတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

ဗိုက်ဆာလာတာနဲ့ ရေအရင်သောက်ချလိုက်ပါ


တစ်ခါတစ်ရံ ဗိုက်ဆာတာနဲ့ ရေသောက်ချင်တာနဲ့က ရောနေတတ်တာမို့ Fasting လုပ်ရင်း ဗိုက်ဆာလာတဲ့အခါ ရေကိုဗိုက်ပြည့်တဲ့အထိ သောက်ချလိုက်ပါ။ အနည်းဆုံးတော့ အစာအိမ်ငြိမ်ပြီး အစပိုင်းကလောက် ဗိုက်မဆာတော့တာကို ခံစားမိပါလိမ့်မယ်။

ပရိုတင်းပါဝင်မှုများတာတွေ စားပေးပါ


ပရိုတင်းဓာတ်က အဆာခံတာမို့ သင့်ကိုတော်ရုံနဲ့ ဗိုက်ပြန်မဆာအောင်ထိန်းပေးနိုင်ပါတယ်။ ပရိုတင်းပါတဲ့အစားအသောက်တွေက အဆီနည်းတာမို့ စားပြီးနောက် ခန္ဓာကိုယ်ထဲအဆီမဖြစ်ဘဲ ကြွက်သားတွေသန်မာလာဖို့ ကူညီပေးမှာပါ။

အမျှင်ဓာတ်ပါတာတွေစားပါ


ဗိုက်ခဏခဏဆာနေတာမျိုးမဖြစ်ဖို့ နောက်ထပ်စားသင့်တာကတော့ အမျှင်ဓာတ်ပါတဲ့အစားအစာတွေပါပဲ။ အမျှင်ဓာတ်ဟာ အစာချေဖျက်ဖို့ လွယ်ကူတဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုပါ ညီမျှစေတာမို့ ကျန်းမာရေးအတွက်လည်း အရမ်းကောင်းပါတယ်။ အပေါ်မှာပြထားတဲ့ အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေကို စားပေးပါ။

ဖြေးဖြေးချင်း စားဖို့ မမေ့ပါနဲ့


အစားမြန်မြန်စားလိုက်တဲ့အခါ ကိုယ်စားတဲ့ပမာဏ နည်းသလား၊ များသလားသတိမထားမိဘဲ လိုတာထက်ပို စားမိတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဘာပဲစားစားဖြေးဖြေးချင်းအာဟာရဖြစ်အောင်၊ ကျေညက်အောင်ဝါးစားပါ။ ဗိုက်ပြည့်နေပြီလား ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ကြည့်ဖို့လည်း မမေ့ပါနဲ့။

အလုပ်မအားအောင်နေပါ


တစ်ခါတစ်လေ လုပ်စရာမရှိတဲ့အခါ ပျင်းပြီး တစ်ခုခုစားချင်လာတာမျိုး ဖြစ်ဖူးမှာပါ။ ဒါကသင့်အတွက် ထောင်ချောက်ပါပဲနော်။ ပျင်းနေတဲ့အခါ ဗိုက်တကယ်မဆာဘဲ တောက်လျှောက်စားမိတတ်တာမို့ ဝိတ်ပိုတက်လာတတ်ပါတယ်။ ဒါကြောင့် အစားအသောက်ဆီပဲ စိတ်မရောက်နေအောင် လုပ်စရာရှိတာတွေလုပ်ပြီး အာရုံလွှဲထားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar