ပျိုမေတို့အနေနဲ့ ကိုယ့်ရဲ့အခန်းမီးအလင်းအမှောင်နဲ့ ညအိပ်ဝတ်တဲ့အဝတ်အစားတွေကအစ အိပ်နေတဲ့အချိန် ကိုယ်တွင်းကယ်လိုရီလောင်ကျွမ်းရာမှာ သက်ရောက်မှုရှိတာကို ကြားဖူးကြလား။ အခုတစ်ခေါက်အကြောင်းအရာမှာ အိပ်ချိန်အတွင်းဝိတ်ကျဖို့ အိပ်ရာဝင်ခါနီး ပြုပြင်ပေးရမယ့်အရာတွေ အကြောင်းကို ဖော်ပြပေးသွားမှာပါ။ အိပ်စက်အနားယူနေတဲ့အချိန်တွေမှာပါ ဝိတ်ကျချင်တဲ့ ပျိုမေတို့အနေနဲ့ အောက်မှာဖော်ပြထားတဲ့အချက်တွေကို သတိထားပြုပြင်ကြည့်ဖို့မမေ့ပါနဲ့နော်။

၁။ အဝတ်ခပ်ပါးပါးဝတ်အိပ်ခြင်း


အိပ်တဲ့အချိန်မှာ ကိုယ်အပူချိန်ကိုလျှော့ချပေးတာက သွေးလည်ပတ်မှုကောင်းစေတဲ့အပြင် အစာချေစနစ်ကိုမြန်စေပြီး ကယ်လိုရီများများလောင်ကျွမ်းစေတယ်လို့ သိပ္ပံနည်းအရသိရပါတယ်။ ဒါကြောင့် အဝတ်မပါဘဲ ဒါမှမဟုတ် အဝတ်ခပ်ပါးပါးဝတ်ပြီးအိပ်ပေးပါ။

၂။ အိပ်ရေး၀၀အိပ်ခြင်း


ဝိတ်ကျဖို့အတွက် လုံလောက်တဲ့အိပ်ချိန်ရှိဖို့လည်း အရေးကြီးပါတယ်။ အိပ်ရေးမဝတာက မကြာခဏ အစားစားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်တာကြောင့် သင့်ကိုဝိတ်တက်လာစေနိုင်ပါတယ်။ အိပ်ချိန်လုံလောက်တဲ့အခါ ကိုယ်တွင်းဟော်မုန်းမျှတစေဖို့နဲ့ ကိုယ်ခံအားတက်ဖို့ကိုပါ ထောက်ပံ့ပေးနိုင်တာကြောင့် တစ်နေ့မှာ အိပ်ချိန် ၇နာရီအနည်းဆုံးထားပေးဖို့လိုပါတယ်။

၃။ မှန်ကန်တဲ့လေ့ကျင့်ခန်းတွေပြုလုပ်ပေးခြင်း


ကိုယ်ခန္ဓာကြွက်သားတည်ဆောက်မှုကောင်းလေလေ ကယ်လိုရီလောင်ကျွမ်းဖို့လွယ်လေလေဖြစ်ပါတယ်။ ကြွက်သားသန်မာစေမယ့် လေ့ကျင့်ခန်းတွေပြုလုပ်ပေးတာက အိပ်ချိန်အတွင်းမှာပါ ကယ်လိုရီ လောင်ကျွမ်းစေနိုင်တဲ့အတွက် ညအိပ်ရာမဝင်ခင် ဒါမှမဟုတ် အိပ်ချိန်နဲ့နှစ်နာရီ၊ သုံးနာရီအကွာလောက်မှာ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးပါ။

၄။ အလင်းရောင်နည်းပြီး အအေးဓာတ်ရှိတဲ့အိပ်ခန်းမှာအိပ်ခြင်း


ပတ်ဝန်းကျင်အအေးဓာတ်ရှိတဲ့နေရာမှာအိပ်စက်ခြင်းက သင့်ကိုယ်တွင်းအပူချိန်မျှတဖို့အတွက် ခန္ဓာကိုယ်ကို အလုပ်ပိုပေးထားသလိုဖြစ်စေတာကြောင့် ကယ်လိုရီတွေပိုပြီးလောင်ကျွမ်းလာစေနိုင်ပါတယ်။ အခန်းမီးအလင်းရောင်တွေကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့ Melatonin ဟော်မုန်း ထုတ်လုပ်မှုကို အားနည်းစေတာကြောင့် အစာခြေစနစ်ရဲ့နေ့စဉ်လုပ်ငန်းစဉ်တွေကို ကမောက်ကမဖြစ်စေပါလိမ့်တယ်။ ဒါကြောင့် အိပ်ခါနီးမှာ TV ၊ ဖုန်းစတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ အခန်းမီးတွေကို တက်နိုင်သလောက်ပိတ်ပြီးအိပ်ပေးပါ။

၅။ ညစာစားချိန်နဲ့ အိပ်ရာဝင်ချိန်ကို ပုံသေသတ်မှတ်ထားခြင်း


အစားစားတဲ့အချိန်သတ်မှတ်ထားခြင်းကလည်း ဝိတ်ကျစေဖို့ထောက်ပံ့ပေးနိုင်ပါတယ်။ နေ့စဉ်ပုံသေအချိန်သတ်မှတ်ပြီး စားသုံးတာက ကိုယ်တွင်းအစာခြေဖျက်မှုကို ဟန်ချက်ညီစေတာကြောင့် မနက်၊ နေ့လည်နဲ့ ညစာတွေကို အချိန်မှန်စားသုံးပေးပါ။ ညစာကိုအိပ်ရာဝင်ချိန်နဲ့ အနည်းဆုံး ၃နာရီခြားပြီး စားသုံးပေးဖို့လိုပါတယ်။

Source: brightside.me

By MyStyle Myanmar