တော်တော်များများက ပိုက်ဆံစုမယ်ပြောပြီး စုဖို့အတွက် ဘယ်တော့မှမကျန်ပဲ ကုန်သွားတာမျိုးတွေ ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကိုယ်ရဲ့သုံးစွဲမှုပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် ငွေစုချင်တယ်၊ ချွေတာချင်တယ်ဆိုရင် မလိုအပ်ပဲ ငွေမထွက်အောင် ဒီအရာ ၅ ခုကို လျှော့ချဖို့လိုပါတယ်။

အပျော်အပါးသွားလာတာလျှော့ပါ

တချိန်လုံးလျှောက်သွားနေတာတွေက ပိုက်ဆံအရမ်းကုန်ပါတယ်။ တစ်ခုခုဆို အပျော်အပါးဆိုသမျှ သွားနေရင်တော့ တောက်လျှောက်ကုန်နေမှာပါပဲ။ တစ်လတစ်ခါလောက်ပဲ အပျော်အပါးသွားပြီး ထွက်ငွေကို လျှော့ချနိုင်ပါတယ်။ မသွားရမနေနိုင်ရင်တောင်မှ ၂ ပတ် တစ်ခါလောက်ပဲ သွားသင့်ပါတယ်။

အပြင်မှာစားတာကိုလျှော့ပါ

တစ်ခုခုဆို အပြင်ထွက်ပြီးမုန့်စားတာမျိုး၊ အပြင်သွားပြီး ညစာစားတာမျိုးက တစ်ခါတစ်လေပဲ ကောင်းပါတယ်။ ခဏခဏလုပ်နေမယ်ဆိုရင် ပိုက်ဆံက နည်းနည်းချင်းစီကို ပဲ့ပြီးကုန်တာ အရမ်းသိသာပါတယ်။

အသစ်ထွက်တိုင်းဝယ်နေတာကိုလျှော့ပါ

အသစ်ထွက်သမျှ အကုန်လိုချင်ပြီးဝယ်နေရင် ဘယ်လောက်ရရ ပိုက်ဆံက လောက်မှာမဟုတ်ပါဘူး။ အမြဲထွက်နေမှာပါပဲ။ ဒါကြောင့် အသစ်ထွက်တိုင်းဝယ်နေတာကို လျှော့ချပစ်မှပဲ ရပါမယ်။

Sale ချတိုင်းဝယ်နေတာတွေကိုလျှော့ပါ

Sale ချတိုင်း တန်တယ်ဆိုပြီး ဝယ်နေရင် စုဖို့ချန်ထားတဲ့ပိုက်ဆံတောင် ပါသွားပါလိမ့်မယ်။ ကိုယ့်အတွက် မရှိမဖြစ်လိုအပ်နေတာမျိုးကို sale ချတာဆိုရင်ဝယ်ပါ။ အဲ့လိုမဟုတ်ပဲ sale ချတယ်၊ တန်တယ်ဆိုတိုင်းသာ ဝယ်နေရင်တော့ အမြဲကုန်ပေါက်ချည်း ဖြစ်နေမှာပါ။

ဘာမှမစဉ်းစားပဲသုံးဖြုန်းနေတာတွေကိုလျှော့ပါ

ကိုယ့်ဝင်ငွေကို အမြဲတမ်း သုံးပုံ ပုံပြီး ခွဲခြမ်းပါ။ မိဘပေးဖို့၊ စုဖို့၊ ကိုယ်သုံးဖို့ စသဖြင့် ခွဲထားပါ။ သေချာစီစစ်ပြီးလုပ်မှ ဝင်ငွေထွက်ငွေချိန်လို့ရမှာပါ။ ပိုက်ဆံလည်းစုဖြစ်မှာပါ။ ကိုယ်သုံးသမျှကို စာရင်းမှတ်ပါ။ စာရင်းမှတ်ထားတာမျိုးမရှိရင် ပိုက်ဆံတွေကလည်းကုန်သွားတယ် ဘာတွေသုံးလိုက်မှန်းမသိဘူး ဆိုတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ တစ်ခုခုဝယ်တော့မယ်၊ လုပ်တော့မယ်ဆိုရင် သေချာစဉ်းစားပါ။ ဘာမှမစဉ်းစားပဲ လုပ်လိုက်မယ်၊ ဝယ်လိုက်မယ်ဆိုရင် ဝင်ငွေထက် ထွက်ငွေက ပိုများနေပါလိမ့်မယ်။