ခြေစွယ်ငုပ်တာက အရမ်းခံရခက်ပါတယ်။ သေးသေးလေးပေမယ့် ဂရုမစိုက်ပဲပစ်ထားရင် ပိုးဝင်ပြီး ပိုဆိုးလာပါလိမ့်မယ်။ ဒါကြောင့် ခြေစွယ်ငုပ်တာ ပိုဆိုးမလာစေဖို့နဲ့ သက်သာစေဖို့အတွက် အိမ်မှာ ပုံမှန်လုပ်ပေးသင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒီအရာတွေက ပိုးမဝင်အောင်နဲ့ နာကျင်တာသက်သာစေဖို့လည်း ကူညီပေးမယ့်အရာတွေပါ။

ရေနွေးနဲ့ဆားနဲ့စိမ်ပါ

ဇလုံတစ်လုံးထဲကို ရေနွေးထည့်ပြီး ဆားခါးထည့်ပါ။ ပြီးရင် ခြေထောက်ထည့်ပြီးစိမ်ပါ။ ရေနွေးအပူကို ကိုယ်ခံနိုင်မယ့် အပူလောက်ပဲ ထားပေးပါ။ တစ်နေ့ကို ၂ ကြိမ် ပုံမှန်စိမ်ပေးရပါမယ်။

ခြောက်အောင်ထားပါ

ရေနွေးစိမ်ပြီးရင် ခြေထောက်ကို သေချာခြောက်အောင်လုပ်ပါ။ အဝတ်နဲ့ ဖိပွတ်တာမျိုးတွေ မလုပ်ပါနဲ့။ အဝတ်နဲ့ပွတ်မယ်ဆိုရင် အဝတ်သန့်တာနဲ့ပွတ်ပါ။ မိုးရေစိုထားရင်လည်း ခြေထောက်ကို ဒီတိုင်းမထားပါနဲ့။ အဝတ်နဲ့သုတ်ပါ။ ခြေထောက်စိုနေရင် ပိုးဝင်တာ၊ မှိုစွဲတာတွေ ဖြစ်တတ်ပါတယ်။

ဂွမ်း နဲ့ Dental floss

ခြေသည်းအစွန်းလေးကို ဖြေးဖြေးချင်းစီ dental floss နဲ့ပင့်ပြီး ခြေသည်းခွံနဲ့ အသားကြားထဲကို ဂွမ်းဖတ်လေး ညှပ်ထားပေးပါ။ နေ့တိုင်း ထုတ်လိုက်၊ အသစ်ပြန်ညှပ်ထားလိုက်နဲ့ လုပ်ပေးပါ။ ခြေစွယ်ငုပ်တာသက်သာပြီး ပိုဆိုးမလာစေဖို့၊ ပိုးမဝင်စေဖို့အတွက် လုပ်ပေးသင့်ပါတယ်။

Antibiotic cream နဲ့ ပတ်တီး (သို့) အနာကပ်ပလာစတာ

အပြင်တွေသွားလာရမယ်ဆိုရင် ဖုန်မှုန့်နဲ့ အညစ်အကြေးတွေမဝင်အောင် antibiotic cream လိမ်းပြီး ပတ်တီးစည်းတာ (သို့) အနာကပ်ပလာစတာ ကပ်ပေးပါ။ အိမ်ပြန်ရောက်ရင်တော့ အပေါ်မှာပြောခဲ့သလို ရေနွေးနဲ့ဆားနဲ့ရောပြီး ခြေထောက်ပြန်စိမ်ပေးပါ။ ဒီလိုမလုပ်ပဲ သွားလာနေရင် ဖုန်နဲ့အညစ်အကြေးတွေကပ်ပြီး ပိုးဝင်တာမျိုးတွေ ဖြစ်တတ်တဲ့အတွက် သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။

ဖိနပ်စီးတဲ့အခါ

ဖိနပ်စီးတဲ့အခါမှာလည်း နေရာကျယ်တဲ့ shoes နဲ့ sandals တွေကို စီးပေးတာက ပိုပြီးကောင်းပါတယ်။ နာကျင်တာလည်း သက်သာစေပါတယ်။ ကျပ်တဲ့ဖိနပ်တွေ၊ ထိပ်ပိတ်ဖိနပ်အကျပ်တွေ စီးမယ်ဆိုရင် ခြေစွယ်ငုပ်တာ ပိုဆိုးလာပါလိမ့်မယ်။