တစ်ခါတစ်လေကျရင် စာလုပ်နေရင်းနဲ့ စာမရတာတွေများလာတဲ့အခါ၊ အာရုံမစူးစိုက်နိုင်တဲ့အခါမှာ စာဆက်လုပ်ချင်စိတ်မရှိတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ အတင်းဆက်လုပ်နေရင်လည်း ခေါင်းကိုက်ပြီး စိတ်တွေကတို၊ စာလည်းမရဖြစ်လာမှာပါ။ ဒါကြောင့် စာဆက်လုပ်ချင်စိတ်မရှိတော့တဲ့အခါမှာ လုပ်ကြည့်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ခဏနားလိုက်ပါ

အကောင်းဆုံးကတော့ စာဆက်လုပ်ချင်စိတ်မရှိရင် အတင်းမလုပ်ပဲ နားပစ်လိုက်ပါ။ အိပ်လိုက်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်လိုက်တာပဲဖြစ်ဖြစ်၊ မုန့်စားတာပဲဖြစ်ဖြစ်၊ တခြားကိုယ်လုပ်ချင်တာ တစ်ခုခုလုပ်ပြီးတော့ အနားယူလိုက်ပါ။ ပြီးမှ ပြန်လုပ်မယ်ဆိုရင် ပိုပြီးတော့ focus လုပ်နိုင်မှာပါ။

Stress တွေလျော့ကျအောင်လုပ်ပါ

စာလုပ်စရာတွေများနေတဲ့အခါ စာမရတဲ့အခါ stress တွေပိပြီး စာဆက်လုပ်ချင်စိတ် မရှိတော့တာမျိုး ဖြစ်လာပါတယ်။ အရမ်းစိတ်တွေရှုပ်ထွေးလာပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် stress တွေလျော့ကျအောင် အရင်လုပ်ရပါမယ်။ စာလုပ်တာကို ခဏရပ်လိုက်ပြီး တရားထိုင်တာဖြစ်ဖြစ်၊ သီချင်းနားထောင်တာပဲဖြစ်ဖြစ် လုပ်ပြီးတော့ stress တွေကိုလျှော့ချကြည့်ပါ။

စကားစမြည်ပြောပါ

စာလုပ်ရတာစိတ်ရှုပ်လာပြီး စာဆက်မလုပ်ချင်တော့တဲ့အခါ အတင်းလုပ်နေလည်း အပိုပါပဲ။ ခေါင်းထဲစာမဝင်ပါဘူး။ ဒီလိုအချိန်မှာ စာလုပ်တာကို ရပ်လိုက်ပြီး စိတ်ပြေလက်ပျောက် စကားစမြည်ပြောလိုက်ပါ။ ခေါင်းကြည်ပြီး စိတ်လည်း relax ဖြစ်သွားတဲ့အခါကျမှ စာသေချာပြန်လုပ်လိုက်ပါ။

လေ့ကျင့်ခန်း (သို့) ယောဂ

စာဆက်လုပ်ချင်စိတ်မရှိတော့ဘူး၊ စိတ်တွေအရမ်းရှုပ်ထွေးလာတယ်ဆိုရင် စိတ်တည်ငြိမ်ပြီး relax ဖြစ်အောင် လုပ်ဖို့လိုပါတယ်။ ဒီတော့ အကောင်းဆုံးက လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ ယောဂကျင့်တာပဲဖြစ်ဖြစ် ၁ နာရီလောက် အချိန်ပေးပြီး လုပ်ကြည့်ပါ။ ပြီးရင် ရေချိုးလိုက်ပါ။ ဒါဆိုရင် ကိုယ်ရောစိတ်ပါ လန်းဆန်းပြီး စာပြန်လုပ်တဲ့အခါမှာလည်း ပြန်ပြီး စိတ်ပါလာပါလိမ့်မယ်။

Schedule အသစ်ဆွဲကြည့်ပါ

ကိုယ်စာလုပ်နိုင်မယ့်နှုန်းနဲ့ ကိုယ်လုပ်ရမယ့်စာတွေနဲ့ကို သေချာအစီအစဉ်ချပြီး schedule အသစ်တစ်ခု ပြန်ဆွဲကြည့်ပါ။ Moti ရပြီး စာပြန်လုပ်ချင်စိတ် ဖြစ်လာပါလိမ့်မယ်။ ပြီးရင် ကိုယ်သေချာဆွဲထားတဲ့ schedule အတိုင်း စာလုပ်ပါ။