အခုနောက်ပိုင်းမှာ အလုပ်တစ်ခုရဖို့က ခက်ခဲလာတယ်လို့ ပြောလို့ရပါတယ်။ အရာရာပြည့်စုံနေရင်တောင် experience ကို လိုချင်နေကြတာပါ။ ဒါပေမယ့်လည်း ကိုယ့်ဘက်ကတော့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီး ကြိုးစားရမှာပါပဲ။ Experience ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီအရာ ၅ ခုကို သေချာပြင်ဆင်ထားမယ်ဆိုရင်တော့ အလုပ်အမြန်ရစေဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။

ဘွဲ့တစ်ခုထဲနဲ့ရပ်မနေပါနဲ့

အခုခေတ်မှာ ဘွဲ့တစ်ခုထဲရရုံနဲ့ အလုပ်ကောင်းကောင်းရဖို့က မသေချာဘူး၊ အခွင့်အလမ်း သိပ်မရှိဘူးဆိုတာကို တော်တော်များများလည်း သိကြမှာပါ။ အလုပ်လျှောက်ပြီဆိုတာနဲ့ အလုပ်ရှင်တွေက certificate တွေ diploma တွေကို ဘာရှိလဲဆိုတာကို ကြည့်ကြတော့တာပါပဲ။ ဒါကြောင့် အသုံးဝင်မယ့် သင်တန်းလေးတွေတက်ထားပါ။ အကောင်းဆုံးကတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်နယ်ပယ်နဲ့ ပတ်သက်တဲ့၊ အသုံးဝင်မယ့် diploma တစ်ခုကိုတော့ ရအောင်ယူထားပါ။ Diploma တစ်ခုလောက်ရှိထားရင် အလုပ်ရဖို့က အခွင့်အလမ်း ပိုများပါတယ်။

CV Form ကို ပြီးစလွယ်မလုပ်ပါနဲ့

အလုပ်လျှောက်ရင် အရင်ဆုံး ကိုယ့် CV Form ကိုကြည့်ပြီး အကဲဖြတ်ကြပါတယ်။ တစ်ချို့ Company တွေမှာဆိုရင် CV Form ကို ပြီးစလွယ်ရေးထားတာ၊ လုပ်ထားတာတွေကြောင့် interview တောင်မခေါ်ပဲ ပယ်ချလိုက်တာတွေ ရှိပါတယ်။ ဒါကြောင့် CV Form ကိုဖတ်လိုက်တာနဲ့ သဘောကျလောက်အောင်၊ သူ့ကို interview ကြည့်ချင်တယ်ဆိုပြီး ဖြစ်လာအောင် သေချာ ကောင်းကောင်းရေးပါ။

အလုပ်တစ်ခုထဲမလျှောက်ပါနဲ့

အလုပ်မြန်မြန်လိုချင်တယ်ဆိုရင် တစ်ခုထဲမလျှောက်ပါနဲ့။ များများလျှောက်ထားပါ။ သူများခေါ်တာကိုပဲ စောင့်မနေပါနဲ့။ ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်တွေကို များများရှာပြီး များများလျှောက်ထားပါ။ ဒါမှလည်း ကိုယ့်အတွက် ရွေးချယ်စရာများမှာပါ။

ကိုယ်လျှောက်တဲ့အလုပ်နဲ့ပတ်သက်ပြီးလေ့လာပါ

CV Form တင်ထားပြီရင် ဒီတိုင်းမနေပါနဲ့။ ကိုယ်လျှောက်ထားတဲ့ အလုပ်နဲ့ပတ်သက်တာတွေကို လေ့လာပါ။ ဒီ company က ကိုယ့်ကို interview ခေါ်ပြီဆိုရင် အဲ့ company နဲ့ ပတ်သက်တာတွေကို လေ့လာထားပါ။ မေးတဲ့အခါ သူတို့ company နဲ့ပတ်သက်တာတွေကို သိနေရင်၊ ဖြေနိုင်ရင် ပိုသဘောကျပါတယ်။

သွက်သွက်လက်လက်ရှိပါ

Interview သွားဖြေတဲ့အခါမှာ ကိုယ့်ပုံစံက သွက်သွက်လက်လက်မရှိရင် ဘယ်သူ့မှ သဘောမကျပါဘူး။ ဒါကြောင့် ဝင်သွားတာနဲ့ သွက်လက်တက်ကြွနေတဲ့ ပုံစံမျိုးပြပါ။ ဖြေဆိုတဲ့အခါမှာလည်း သွက်သွက်လက်လက်နဲ့ ဖြေပါ။ Confident အပြည့်နဲ့ ဖြေဆိုပါ။ သွက်သွက်လက်လက်နဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ပုံစံ ဖြစ်နေရင်ကို အလုပ်ရှင်တွေက သဘောကျပါတယ်။ ပြုံးနေဖို့လည်း မမေ့ပါနဲ့။