အလုပ်နောက်ကျတာက တစ်ခါတစ်လေဆို ကိစ္စမရှိပေမယ့် အမြဲတမ်းကြီး နောက်ကျနေရင်တော့ အဆင်မပြေပါဘူး။ အလုပ်မှာ foul ဖြစ်ပါတယ်။ အချိန်နဲ့အလုပ်ကို မလေးစားရာကျသလို ကြာလာရင်လည်း အထက်လူကြီးနဲ့ အလုပ်ကသူတွေ ငြိုငြင်လာပါလိမ့်မယ်။ ဒါကြောင့် အလုပ်နောက်ကျတာမျိုးတွေ မဖြစ်တော့အောင်လို့ အလုပ်နောက်ကျတတ်တဲ့သူတိုင်း လုပ်ကြည့်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

စောစောအိပ်ပါ

အရေးကြီးတာက စောစောအိပ်ဖို့ပါပဲ။ ညဘက်အိပ်တာနောက်ကျရင် မနက်ကျ အိပ်ရေးမဝတော့ မထချင်ပါဘူး။ ဒီတော့ အလုပ်နောက်ကျမယ်၊ အလုပ်မှီအောင်ထရင်တောင်မှ ခေါင်းမကြည်ဖြစ်ပြီး အိပ်ငိုက်နေမှာပါ။ ဒါကြောင့် အလုပ်နောက်ကျတာမျိုး မဖြစ်ချင်ဘူးဆိုရင် အရင်ဆုံးလုပ်ရမှာက အိပ်ချိန်သတ်မှတ်ပြီး စောစောအိပ်ဖို့ပါပဲ။

နှိုးစက်ကြိုပေးပါ

မနက်ဆိုမထချင်လို့၊ ပြင်ဆင်တာတွေကြာလို့ အမြဲတမ်း အလုပ်နောက်ကျတာဆိုရင်တော့ နှိုးစက်ကြိုပေးထားပါ။ တစ်ကြိမ်ထဲမပေးပဲ ၃ ကြိမ်လောက်ပေးထားပါ။ နှိုးစက်ကို အိပ်ယာဘေးမထားပဲ ဝေးဝေးထားပါ။ ဒါမှမြန်မြန်ထဖြစ်မှာပါ။

မနက်အတွက်ကြိုတင်ပြင်ဆင်ထားပါ

မနက်အတွက် အဝတ်အစားတွေ၊ ယူသွားရမှာတွေ၊ လုပ်စရာရှိတာတွေ အကုန်လုံးကို ညထဲက ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် မနက်ကျ လုပ်ရတာပိုမြန်သွားပါလိမ့်မယ်။ အချိန်ကုန်သက်သာတော့ အလုပ်နောက်ကျတာမျိုးလည်း သိပ်မဖြစ်တော့ဘူးပေါ။

စိတ်ညစ်စရာတွေမတွေးပါနဲ့

တော်တော်များများက စိတ်ညစ်စရာတွေရှိရင်၊ အဆင်မပြေတာတွေရှိရင် ညအိပ်ခါနီးမှာ တွေးတတ်ကြပါတယ်။ အဲ့မှာအတွေးတွေများပြီး အိပ်မပျော်တာတွေ စတော့တာပါပဲ။ ဒါကြောင့် စိတ်ညစ်စရာတွေ လုံးဝမတွေးပါနဲ့။ ညဘက်အိပ်မပျော်တတ်ရင် ယောဂကျင့်တာ၊ အိပ်ခါနီး တရားထိုင်တာမျိုးတွေ လုပ်ကြည့်ပါ။

နာရီကိုမြန်ထားပါ

အမြဲတမ်းကို အလုပ်နောက်ကျနေရင်တော့ ကိုယ့်နာရီ၊ ဖုန်းနာရီ၊ အိမ်ကနာရီတွေ အကုန်လုံးကိုသာ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် မြန်ထားလိုက်ပါ။ ဒီနည်းလမ်းတွေက သင့်အတွက် အနည်းနဲ့အများတော့ အကျိုးရှိစေမှာပါ။