လူတိုင်းမှာတော့ စိတ်ညစ်စရာက ရှိတာပါပဲ။ စိတ်ညစ်စရာရှိရင် ပြေပျောက်အောင်လုပ်ပြီး ပျော်အောင်နေရပါမယ်။ တချိန်လုံးကြီး ဒါကိုပဲတွေးပြီး စိတ်ညစ်နေလို့မရပါဘူး။ လူတိုင်းကလည်း ပျော်ရွှင်ချင်ကြတဲ့ သူတွေချည်းပါပဲ။ ပျော်ရွှင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုလည်း အရင်ပြောင်းလဲဖို့လိုပါတယ်။ ဒါကြောင့် စိတ်ညစ်စရာတွေနည်းပြီး ပျော်ရွှင်မှုတွေပဲတိုးလာစေဖို့ ကိုယ်တိုင်ပြောင်းလဲရမယ့်အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

စိုးရိမ်မှုလွန်ကဲခြင်း

စိုးရိမ်စိတ်တွေများပြီး စိုးရိမ်မှုလွန်ကဲနေရင် ဘယ်တော့မှ အပြည့်အဝပျော်ရမှာ မဟုတ်ပါဘူး။ စိတ်ညစ်စရာမရှိလည်း တွေးပူနေတာ၊ စိုးရိမ်စိတ်များနေတာတွေက ကိုယ့်ပျော်ရွှင်မှုတွေကို ကိုယ်တိုင်ဖျက်စီးနေတာပါပဲ။ ဒါကြောင့် စိတ်ညစ်စရာတွေနည်းပြီး ပျော်ရွှင်ချင်ရင် စိုးရိမ်မှု မလွန်ကဲပါနဲ့။

ယုံကြည်မှုမရှိခြင်း

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိရင် အမြဲသိမ်ငယ်ပြီး စိတ်ညစ်နေရမှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပါ။ ဘာကိုပဲဖြစ်ဖြစ် လုပ်နိုင်တယ်၊ အဆင်ပြေသွားမယ်ဆိုတဲ့ စိတ်ထားပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေမှ စိုးရိမ်စိတ်တွေလည်း လျော့ကျသွားပြီး ပျော်ရွှင်နိုင်မှာပါ။

မျှော်လင့်ချက်ထားလွန်းခြင်း

ဘာကိုပဲဖြစ်ဖြစ် မျှော်လင့်ချက်ကြီးကြီးထားရင် ဖြစ်မလာတဲ့အခါ ကိုယ်ပဲပိုစိတ်ညစ်ရတယ်၊ စိတ်ထိခိုက်ရပါတယ်။ သူများအပေါ်မှာ မျှော်လင့်ချက်ထားရင် ပိုတောင်ဆိုးပါသေးတယ်။ ဒါကြောင့် အချစ်ရေးမှာပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းမျိုးပဲဖြစ်ဖြစ် မျှော်လင့်ချက်ထားလွန်းတာကို ပြင်ဖို့လိုပါတယ်။

အကောင်းမြင်စိတ်မရှိခြင်း

အရာရာကို အကောင်းမြင်စိတ်မရှိရင် အဆိုးတွေပဲမြင်၊ အဆိုးတွေပဲတွေးပြီး စိတ်ညစ်ရမယ်၊ ပူလောင်ရပါမယ်။ ဒါကြောင့် အရာရာကို အကောင်းဘက်ကတွေးပြီး အကောင်းမြင်စိတ်ထားကြည့်ပါ။ ကိုယ့်ကိုယ်ကိုလည်း အရမ်းအပြစ်တင်တာတွေမလုပ်ပဲ အကောင်းမြင်ပေးပါ။ ကိုယ့်ရဲ့စိတ်အေးချမ်းပြီး ပျော်ရွှင်ရပါတယ်။

ကိုယ့်ကိုယ်ကိုထက်သူများကိုပိုချစ်ခြင်း

အရာအားလုံးထက် ကိုယ့်ကိုယ်ကို ပိုချစ်ရမှာပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားရမှာပါ။ ကိုယ့်ကိုယ်ကိုထက် သူများကို ပိုချစ်နေရင်တော့ ပိုပြီးနာကျင်ခံစားရမယ်၊ ကိုယ့်ကိုပစ်ချသွားတဲ့အခါမှာ နှစ်ဆပိုပြီး ဝမ်းနည်းရမယ်၊ နာကျင်ရပါမယ်။