စာလုပ်နေရင်းနဲ့ စာမရတော့တဲ့အခါမှာပဲဖြစ်ဖြစ်၊ စာလုပ်တာ ကြာလာရင်ပဲဖြစ်ဖြစ် နည်းနည်းစိတ်ရှုပ်ပြီး ခေါင်းမကြည်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ ပေတေပြီး စာဆက်လုပ်နေမယ်ဆိုရင် ခေါင်းပိုရှုပ်ပြီး ဒေါသထွက်လာနိုင်ပါတယ်။ ဒါကြောင့် စာလုပ်နေရင်းနဲ့ စိတ်ရှုပ်ထွေးလာတဲ့အခါမှာ ဒီအချက် ၅ ချက်ကို လုပ်ကြည့်ပြီးတော့ စိတ်ကို Relax လုပ်လိုက်ပါ။

လေကောင်းလေသန့်ထွက်ရှူပါ

အပြင်ခဏထွက်ပြီး ၅ မိနစ်၊ ၁၀ မိနစ်လောက် လေကောင်းလေသန့် ထွက်ရှူလိုက်ပါ။ အပြင်မထွက်ချင်ရင် တရားထိုင်သလိုမျိုး ထိုင်ပြီးတော့ မျက်စိမှိတ်ကာ အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် လုပ်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

လမ်းခဏလျှောက်ပါ

အခန်းပြင်ခဏထွက်ပြီး လမ်းလျှောက်တာမျိုး ၅ မိနစ်လောက်ပဲဖြစ်ဖြစ် လမ်းထလျှောက်လိုက်ပါ။ လေးလံထိုင်းမှိုင်းနေတာတွေ၊ ညောင်းညာတာတွေ ပြေပျောက်အောင် အကြောဆန့်ပါ။ စိတ်ရှုပ်နေတာ သက်သာလာပါလိမ့်မယ်။

တစ်ခုခုသောက်ပါ

စာလုပ်နေရင်းနဲ့ စိတ်ရှုပ်လာရင် ဆက်မလုပ်ပဲ ခဏနားပြီး ကော်ဖီကြိုက်ရင် ကော်ဖီထဖျော်ပြီး သောက်ပါ။ ကော်ဖီမကြိုက်ရင် လန်းဆန်းစေမယ့် အအေးတစ်ခုခုသောက်ပါ။ စိတ်နည်းနည်းကြည်လာပြီဆိုမှ ပြန်လုပ်ပါ။

သီချင်းနားထောင်ပါ

စာလုပ်နေရင်းနဲ့ မရတော့ဘူး၊ အရမ်းစိတ်ရှုပ်ထွေးလာပြီဆိုရင် သီချင်းနားထောင်လိုက်ပါ။ ခဏလောက်သီချင်းနားထောင်ပြီး အနားယူလိုက်ရင် ပြန်လန်းဆန်းပြီး Active ဖြစ်လာပါလိမ့်မယ်။ အဲ့ကျမှ စာပြန်လုပ်ပါ။

အိပ်ပါ

အရမ်းကို စိတ်တွေရှုပ်ထွေးလာပြီးတော့ စာမရတော့ဘူး၊ ခေါင်းတွေပါကိုက်လာပြီဆိုရင် ဘာမှမစဉ်းစားတော့ပဲ အိပ်လိုက်ပါ။ အိပ်ယာကနိုးလာမှ ရေချိုး လန်းဆန်းအောင်လုပ်ပြီး စိတ်ကြည်ကြည်လင်လင်နဲ့ အာရုံစူးစိုက်ပြီး စာပြန်လုပ်ပါ။ ဒါဆိုရင် ပိုပြီးအဆင်ပြေသွားပါလိမ့်မယ်။