လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ အပြုအမှုနဲ့ လုပ်ဆောင်မှုတွေကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဒါတွေကလည်း အရေးပါတဲ့အရာတွေပါ။ အဓိကကတော့ လုပ်ငန်းခွင်မှာ ဒီအချက် ၅ ချက်ကို မပြုလုပ်တာ၊ ရှောင်ကြဉ်တာက အကောင်းဆုံးပါပဲ။

နောက်ကျခြင်း

တစ်ခါတစ်လေ အကြောင်းတစ်ခုခုကြောင့် နောက်ကျတာမျိုးကတော့ သိပ်ပြီးအရေးမကြီးပေမယ့် ခဏခဏကို နောက်ကျနေတာမျိုးဆိုရင်တော့ အချိန်မလေးစားတာ၊ အလုပ်ကိုမလေးစားတာမျိုး ဖြစ်ပါတယ်။ ကြာလာရင် အပြောအဆိုခံရမယ်၊ အမြင်မကြည်တာ ခံရပါမယ်။ လုပ်ငန်းခွင်ကို နောက်ကျတာက မကောင်းပါဘူး။ အချိန်တိကျတာက အကောင်းဆုံးပါ။

ကိုယ့်စိတ်တိုင်းကျနေထိုင်ခြင်း

ကိုယ့်စိတ်တိုင်းကျ နေလို့မရဘူးဆိုတာထက် လုပ်သင့်တာဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် ကိုယ်စိတ်တိုင်းကျ လုပ်ချင်နေတဲ့အရာတွေက လုပ်ငန်းခွင်မှာ မပြုလုပ်သင့်တဲ့အရာ၊ အပြုအမူတွေ ဖြစ်နေရင်တော့ အဆင်မပြေပါဘူး။ ကိုယ့်အလုပ်ကိုယ်ပြီးရင် ပြီးတာပဲဆိုပြီး နေချင်သလိုနေတာမျိုးတွေက အများနဲ့လုပ်ရတဲ့ လုပ်ငန်းခွင်မှာတော့ အဆင်မပြေပါဘူး။

အလုပ်နဲ့မသက်ဆိုင်တဲ့ကိစ္စတွေများနေခြင်း

အလုပ်မှာ အလုပ်မလုပ်ပဲ ခဏခဏ အလုပ်နဲ့မသက်ဆိုင်တဲ့အရာ၊ ကိုယ့် Personal ကိစ္စတွေပဲ များနေတာမျိုးတွေ ရှောင်သင့်ပါတယ်။ အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲခြားထားဖို့ လိုပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အလုပ်မှာ ရန်ဖြစ်အော်ဟစ်ပြီး ဖုန်းပြောနေတာမျိုးတွေ၊ ဒေါသထွက်ပြီး အလုပ်မလုပ်နိုင်တာမျိုးတွေက ရုပ်ပေါက်တဲ့အပြုအမူတွေ ဖြစ်စေပါတယ်။

ဆင်ခြေများခြင်း

ကိုယ့်ကို တာဝန်တစ်ခုပေးလိုက်ပြီဆိုရင် အမြဲတမ်း ဆင်ခြေတွေပေးပြီး ငြင်းဆိုတာမျိုး၊ ကိုယ့်အလုပ်ကို ပြီးအောင်မလုပ်ပဲ အကြောင်းအမျိုးမျိုးပြပြီး ဆင်ခြေပေးတာမျိုးတွေကလည်း လုံးဝမလုပ်သင့်တဲ့ အချက်ပါ။

ဖုန်းပဲတစ်ချိန်လုံးသုံးနေခြင်း

လုပ်ငန်းခွင်မှာ ဖုန်းသုံးလို့ရပေမယ့် အမြဲတမ်း တစ်ချိန်လုံး ဖုန်းပဲသုံးနေတာမျိုးကတော့ မလုပ်သင့်ပါဘူး။ အလုပ်ပျက်စေသလို အလုပ်မှာလည်း စိတ်ဝင်စားမှု လျော့နည်းစေတယ်၊ အထက်လူကြီးရဲ့ အမြင်မှာလည်း မကောင်းဖြစ်စေပါတယ်။