ဒေါက်ဖိနပ်စီးတာက တစ်ခါတစ်လေပဲ ကောင်းပါတယ်။ ဒေါက်ဖိနပ်စီးတာလှပေမယ့် အမြဲတမ်းဆိုရင် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

ဒါကြောင့် ဆင်ခြင်လို့ရအောင် ဒေါက်ဖိနပ်အမြဲစီးတဲ့အခါမှာ ဖြစ်လာတတ်တဲ့ နောက်ဆက်တွဲဆိုးကျိုး ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ခါးနာခြင်း

ဒေါက်ဖိနပ်အမြဲစီးရင် သိသိသာသာ ခံစားရမှာကတော့ ခါးနာတာပါ။ ဘာမှမလုပ်ပဲ တစ်ချိန်လုံးခါးနာတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလိုခါးနာလာရင် ဒေါက်ဖိနပ်စီးတာကို ရပ်လိုက်ပါ။ သက်သာသွားပါလိမ့်မယ်။ ဆက်စီးနေမယ်ဆိုရင်တော့ နာတာရှည်ခါးနာတာမျိုး ဖြစ်သွားတတ်ပါတယ်။

ခြေဖဝါးနာကျင်ခြင်း

ဒေါက်ဖိနပ်ကို အကြာကြီးစီးပြီး ချွတ်လိုက်တာနဲ့ ခြေဖဝါးတွေ နာကျင်သလို ခံစားရမှာပါ။ တစ်ရက်ထဲ အကြာကြီးစီးရင်တောင် နာကျင်ရတာဆိုတော့ အမြဲတမ်းသာစီးမယ်ဆိုရင် ဒဏ်ဖြစ်သွားနိုင်ပါတယ်။

ခြေထောက်ကြွက်သားနာကျင်ခြင်း

ဒေါက်ဖိနပ်စီးရင် ခြေထောက်ကြွက်သားတွေ နာကျင်တာကတော့ ခဏလေးစီးရုံနဲ့တောင် ဖြစ်ပါတယ်။ ဒါကြောင့် ရေရှည်စီးမယ်ဆိုရင် ပိုဆိုးပါတယ်။ ဒဏ်ဖြစ်သွားရင် ခြေထောက်အရွတ်လေးတွေ ရောင်လာပါတယ်။

ဒူးခေါင်းနဲ့တင်ပဆုံနာကျင်ခြင်း

ဒေါက်ဖိနပ်ခဏလေးစီးတာက ခြေထောက်နာတာလောက်ပဲ ဖြစ်မှာပါ။ ဒါပေမယ့် အမြဲတမ်းစီးမယ်ဆိုရင်တော့ ဒူးခေါင်းနဲ့ တင်ပဆုံနေရာက နာကျင်ပြီး ညောင်းညာကိုက်ခဲလာတာမျိုး ဖြစ်လာပါလိမ့်မယ်။

အရိုးအဆစ်ရောင်ပြီးနာကျင်ခြင်း

ဒေါက်ဖိနပ်စီးရင် ခြေထောက်မှာ အရမ်းအားထည့်ထားရတာဖြစ်လို့ အချိန်ကြာလာရင် အရိုးအဆစ်တွေက ရောင်ရမ်းနာကျင်လာတာမျိုး ဖြစ်လာပါတယ်။ ဒီလိုမျိုးတွေခံစားလာရရင် ဒေါက်ဖိနပ်စီးတာကို ရပ်လိုက်သင့်ပါပြီ။ ဒါကြောင့် ဒေါက်ဖိနပ်က အမြဲစီးလို့ အဆင်မပြေပါဘူး။