နေမကောင်းတာလည်းမဟုတ်ပဲနဲ့ အမြဲလိုလို ပင်ပန်းပြီး စိတ်ရောလူပါ ထိုင်းမှိုင်းနေတာမျိုး ဖြစ်တဲ့သူတွေရှိမှာပါ။ ဒါက ဘာကြောင့်ဖြစ်တာလဲဆိုတာကိုသိမှ ဆင်ခြင်သင့်တာ ဆင်ခြင်လို့ရမှာပါ။ များသောအားဖြင့်တော့ အမြဲလိုလိုပင်ပန်းပြီး ထိုင်းမှိုင်းသလို ဖြစ်နေရတာက ဒီအကြောင်းအရင်း ၅ ခုကြောင့် ဖြစ်ပါတယ်။

အိပ်ချိန်မမှန်၊ အိပ်ရေးမဝဖြစ်ခြင်း

လူတစ်ယောက်မှာ အိပ်စက်ချိန်မှန်ဖို့၊ အိပ်ရေးဝဖို့က အရမ်းအရေးကြီးပါတယ်။ အိပ်ချိန်မမှန်ရင် ထိုင်းမှိုင်းတာ၊ စိတ်မကြည်တာတွေ ဖြစ်စေသလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ အိပ်ချိန်လည်းမမှန်၊ အိပ်ရေးလည်းမဝရင် နေရတာ လန်းဆန်းမှုမရှိပဲ ထိုင်းမှိုင်းနေမှာပါ။ ကိုယ်လက်မအီမသာဖြစ်တာမျိုး၊ ပင်ပန်းသလိုခံစားရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အစားအသောက်မမှန်ခြင်း

အစာကို အချိန်နဲ့ပုံမှန်မစားပဲ အစာအလွန်ခံတာ၊ အစားအသောက်ကို မှန်မှန်မစားတာတွေက လိုအပ်တဲ့အာဟာရဓာတ်ကို သေချာမရတဲ့အတွက် ကိုယ်ခံအားနည်းလာစေပါတယ်။ ဒါ့အပြင် ထိုင်းမှိုင်းလာတာ၊ ရင်တုန်ခေါင်းမူးတာတွေ ခဏခဏဖြစ်တတ်တာကြောင့် နေမကောင်းမဖြစ်ပဲ ပင်ပန်းနေသလို အမြဲခံစားရပါတယ်။

အထိုင်များခြင်း

အမြဲတမ်း အထိုင်များနေတဲ့သူတွေက ခန္ဓာကိုယ်လှုပ်ရှားမှုမရှိတဲ့အတွက် သွေးလည်ပတ်မှုမကောင်းပါဘူး။ ကိုယ်ရောစိတ်ပါ နုံးချိပြီး လူကမလန်းဆန်းပဲ ပင်ပန်းနေတတ်ပါတယ်။ ခါးနာတာ၊ ဇာတ်ကြောတက်တာတွေလည်း အမြဲဖြစ်နေတာကြောင့် ပင်ပန်းသလို ခံစားရစေပါတယ်။

စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုတွေအရမ်းများနေရင်လည်း လူက နေရတာ ထိုင်းမှိုင်းပြီး အမြဲပင်ပန်းနေတတ်ပါတယ်။ စိတ်ရောကိုယ်ပါ ပင်ပန်းသလို ခံစားနေရမှာပါ။ ဒါကြောင့် စိတ်ဖိစီးမှုတွေရှိနေရင် အရင်ဆုံး လျော့ကျအောင် လုပ်ပေးဖို့လိုပါတယ်။

ရေဓာတ်မလုံလောက်ခြင်း

ရေသောက်နည်းရင် ရေဓာတ်မလုံလောက်တဲ့အတွက် ပင်ပန်းနွမ်းနယ်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပေးဖို့ကလည်း အရေးကြီးပါတယ်။