တစ်ခါတစ်လေကျရင် ဘာကြောင့်မှန်းမသိ ခဏခဏစိတ်ရောကိုယ်ပါ ပင်ပန်းပြီး နေရတာ မလန်းဆန်းသလိုမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးတွေ ခဏခဏဖြစ်နေရတယ်ဆိုတာက ဒီအကြောင်းအရင်း ၅ ခုကြောင့် ဖြစ်ကြတာ များပါတယ်။

အိပ်ရေးမဝခြင်း

အိပ်ချိန်မလုံလောက်တာ၊ အိပ်ရေးမဝတာတွေက ကိုယ်ရောစိတ်ပါ ထိခိုက်ပါတယ်။ အိပ်ရေးဝဝမအိပ်ရတော့ စိတ်မကြည်၊ ခေါင်းမကြည်ပဲ အမြဲနုံးနေတတ်ပါတယ်။ နေရတာ လန်းဆန်းမှုမရှိပဲ ထိုင်းမှိုင်းနေတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်မှာ အိပ်ရေးဝဖို့က အရမ်းကိုအရေးကြီးပါတယ်။

အထိုင်များခြင်း

အထိုင်များနေတဲ့သူတွေက ခန္ဓာကိုယ်လှုပ်ရှားမှုမရှိတဲ့အတွက် သွေးလည်ပတ်မှု မကောင်းပါဘူး။ ကိုယ်ရောစိတ်ပါ နုံးချိပြီး မအီမသာဖြစ်ကာ ပင်ပန်းနေတတ်ပါတယ်။ ခါးနာ၊ ဇာတ်ကြောတက်တာတွေလည်း အရမ်းဖြစ်နေတာကြောင့် အမြဲပင်ပန်းသလို ခံစားလာရပါတယ်။

စိတ်ဖိစီးမှုများခြင်း

လူတွေက စိတ်ဖိစီးမှုများလာရင် လုံးဝငြိမ်ကျသွားပြီး စိတ်ရောကိုယ်ပါ ပင်ပန်းလာတယ်၊ မျက်နှာမှာအစ ပေါ်လွင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေရှိနေရင် လျော့ကျအောင် အရင်လုပ်ပါ။

အစားအသောက်မမှန်ခြင်း

အစားအသောက်ကို အချိန်မှန်မစားပဲ အစာခံတာ၊ အစာလွန်တာတွေက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ စားတဲ့အခါမှာလည်း အာဟာရမျှတအောင် စားသောက်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ ကိုယ်ခံအားနည်းလာပြီး ရင်တုန်ခေါင်းမူးတာတွေ ဖြစ်လာမယ်၊ ပင်ပန်းပြီးနုံးချိလာပါမယ်။

ရေဓာတ်မလုံလောက်ခြင်း

လူတစ်ယောက်မှာ ရေဓာတ်လုံလောက်ဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။ ရေဓာတ်မလုံလောက်ရင် ပင်ပန်းနွမ်းနယ်တာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ရေများများသောက်ဖို့ မမေ့ပါနဲ့။