တင်ပါးမှာဝက်ခြံပေါက်တာက များသောအားဖြင့် မွေးညင်းပေါက်တွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ ပေါင်းစပ်ပြီး ဖြစ်လာတာပါ။ တခြားသောအကြောင်းအရင်းတွေကြောင့်လည်း တင်ပါးမှာဝက်ခြံပေါက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေကျရင် ထိုင်တဲ့နေရာမှာပေါက်တဲ့အခါ နာတာမျိုးတွေအထိ ဖြစ်တတ်ပါသေးတယ်။ တင်ပါးမှာဝက်ခြံပေါက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကတော့ ဒီအရာ ၅ ခုကြောင့် ဖြစ်တာများပါတယ်။

ဟော်မုန်း

ဟော်မုန်းကြောင့် တင်ပါးမှာ ဝက်ခြံတွေ အများကြီးထွက်တာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုမျိုးဖြစ်ရင်တော့ အရေပြားဆရာဝန်နဲ့ပြတာ ပိုကောင်းပါတယ်။ ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တာမျိုးတွေလည်း ရှိပါတယ်။

တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိခြင်း

အားကစားဝတ်စုံဝတ်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးပုတ်တွေထွက်စေပါတယ်။ အဲ့တာကိုမလျှော်ပဲ ဝတ်ပြီးသား အားကစားဝတ်စုံကို နောက်တစ်ကြိမ် ပြန်ဝတ်ခြင်းကြောင့် ဖုန်၊ ချွေးနဲ့ အညစ်အကြေးတွေကနေတစ်ဆင့် ဝက်ခြံထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒ့ါအပြင် အတွင်းခံတွေကို သေချာမလျှော်တာ၊ အတွင်းခံကို မလဲပဲ ရေချိုးပြီးပြန်ဝတ်တာမျိုးတွေကြောင့် အညစ်အကြေးတွေ၊ ချွေးတွေ၊ အဆီတွေကနေတစ်ဆင့် ဝက်ခြံထွက်စေပါတယ်။

အထိုင်များခြင်း

အထိုင်များခြင်းက ပွတ်တိုက်မှုနဲ့ ယားယံမှုကို ဖြစ်ပေါ်စေပြီး တင်ပါးအဖုထွက်တာ၊ ဝက်ခြံထွက်တာ၊ အသားမာဖြစ်တာ၊ တင်ပါးမဲတာမျိုးတွေ ဖြစ်စေပါတယ်။

တင်းကြပ်တဲ့အဝတ်အစားတွေကိုဝတ်ခြင်း

တင်းကြပ်တဲ့အဝတ်အစားတွေက အရေပြားကို ပွတ်တိုက်မှုဖြစ်စေပြီး ချွေးနဲ့အဆီတွေကိုလည်း စုပ်ယူတဲ့အတွက် မွေးညင်းပေါက်တွေကို ပိတ်ဆို့စေပါတယ်။ ဒါကြောင့်ပဲ ဝက်ခြံပေါက်တာတွေ ဖြစ်လာစေတာပါ။

Swimsuit

ကမ်းခြေသွားတဲ့အခါ Swimsuit နဲ့ ရေကူးပြီး ရေစိုနေတဲ့အတိုင်း အကြာကြီးနေတာ၊ သဲသောင်ပြင်မှာထိုင်တာတွေက အညစ်အကြေးနဲ့ ဘတ်တီးရီးယားတွေ တင်ပါးကို တိုက်ရိုက်ထိပြီး ဝက်ခြံထွက်တာမျိုးတွေ ဖြစ်စေပါတယ်။ Sensitive Skin တွေမှာဆို ပိုအဖြစ်များပါတယ်။